ဒုက္ခသည်တွေကို စားနပ်ရိက္ခာကူညီဖို့ သွားသူတွေ တားမြစ်ခံရ
2018.12.23

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသ ကျေးရွာတွေမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ ကူညီဖို့သွားရောက်သူတွေကို မြန်မာ့တပ်မတော်က တောင်မင်းကုလားကျေးရွာကနေ တားမြစ်ပိတ်ပင်တာတွေ ဒီနေ့ စတင်လုပ်ဆောင်နေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဒီနေ့ ကျောက်တော်မြို့ပေါ်က လူငယ်တွေစုပေါင်းပြီး သလူချောင်း၊ ပညာဝ၊ ငစရိုင်းကိုင်း စတဲ့ကျေးရွာတွေမှာ ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေဆီကို စားနပ်ရိက္ခာ အကူအညီတွေပေးဖို့ သွားရောက်ကြရမှာ တပ်မတော်က တားမြစ်ခဲ့တာကြောင့် ပြန်လှည့်လာကြရတယ်လို့ အဲဒီအဖွဲ့မှာပါဝင်တဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုမျိုးအေးကျော်က ပြောပါတယ်။
တောင်မင်းကုလားကျေးရွာမှာရှိနေတဲ့ မြန်မာ့တပ်မတော်ရဲ့ ကင်းစခန်းက ကူညီဖို့သွားရောက်တဲ့ လူငယ်တွေရဲ့ မှတ်ပုံတင်နံပါတ်နဲ့ ကိုယ်ရေးအချက်အလက်တွေကို တောင်းယူပြီးမှ ပစ်ခတ်မှုတွေရှိနေလို့ဆိုပြီး မသွားရောက်ဖို့ တားမြစ်ခဲ့တာလို့ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြန်မာ့တပ်မတော်က အပစ်ရပ်ကြေညာထားတဲ့ စစ်တိုင်း ၅ ခုထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပါဝင်ဘဲ မနေ့မနက်ကအထိ ရက္ခိုင့်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော်တို့ဟာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။