ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို တရုတ်ပညာရှင်သုံးရာကျော်နဲ့ စက်ယန္တရားတွေ ရောက်လာ

RFA Burmese
2024.05.01
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို တရုတ်ပညာရှင်သုံးရာကျော်နဲ့ စက်ယန္တရားတွေ ရောက်လာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတွေ့ရစဉ်။
Photo: RFA

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကို တရုတ်နိုင်ငံသားပညာရှင် သုံးရာကျော်နဲ့ စက်ပစ္စည်းယန္တရား၊ စားသောက်ကုန်တွေပါဝင်တဲ့ သင်္ဘောတစ်စီး ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်လာတယ်လို့ ကျောက်ဖြူမြို့ခံတွေက RFA ကို ပြောပါတယ်။

အဲဒီသင်္ဘောဟာ မဒေးကျွန်းပေါ်က တရုတ်စီမံကိန်းဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ အလုပ်လုပ်ကိုင်ဖို့ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ရောက်လာကြတာလို့ ဆိုပါတယ်။

သင်္ဘောပေါ်မှာပါလာတဲ့ တရုတ်နိုင်ငံသားတချို့ကတော့ လက်ရှိ ကျောက်ဖြူမြို့ပေါ်က ဟိုတယ်တွေမှာ နေထိုင်နေကြတယ်လို့ ကျောက်ဖြူမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"အရင်ကရှိတဲ့ လူတွေရော၊ အခုရောက်တဲ့လူတွေရောက မဒေးကျွန်းကို ရှပ်ပြေးတွေနဲ့ မနက်လာ ညနေ မြို့ပေါ်ကိုပြန်ကြတာပါ။ ဟိုတလောကဆိုက်တဲ့ သင်္ဘောမှာတော့ တရုတ်ပညာရှင်တွေလည်းပါတယ်။ ဥပမာ - မီးလိုင်း၊ ရေလိုင်းတို့အတွက် အင်ဂျင်နီယာတွေပေါ့"

တရုတ်လူမျိုးတွေနဲ့ စက်ပစ္စည်းတွေသယ်ဆောင်လာတဲ့ သင်္ဘောကတော့ ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းကပဲ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကနေ ပြန်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးအတိအကျသိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ နှစ်နိုင်ငံ သဘောတူစာချုပ် စတင်ချုပ်ဆိုခဲ့တာပါ။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ နေပြည်တော်မှာ တရုတ် - မြန်မာနှစ်နိုင်ငံအကြား ထပ်မံလက်မှတ်ရေးထိုးခဲ့ပေမယ့် ဒီနေ့အထိ မြေပြင်မှာ အကောင်အထည်ဖော်နိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ကွန်တိန်နာတင် သင်္ဘောတွေရပ်နားနိုင်တဲ့ ဆိပ်ခံတံတား ဆယ်ခု ပါဝင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။