ကျောက်ဖြူစီမံကိန်း အဓိပ္ပါယ်မဲ့ဟု ရှောင် တားနယ်လ် ပြောကြား
2018.05.25

ရခိုင်ပြည်နယ်မှာ တရုတ်အစိုးရပိုင် CITIC ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းက ဒေါ်လာ သန်း ၇၅ဝဝ ခန့် အကုန်အကျ ခံပြီး တည်ဆောက်နေတယ်ဆိုတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဟာ လုံးဝအဓိပါ္ပယ်မရှိတဲ့ စီမံကိန်းဖြစ်တယ် လို့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ Sean Turnell ရှောင် တားနယ်လ် က ပြောကြားလိုက်ပါတယ်။
ရှောင်တာနယ်လ်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ Bloomberg ဘလွန်းဘာ့ဂ် သတင်းဌာနက ဖေါ်ပြပါတယ်။
အဲဒီ ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ အစုရှယ်ယာ ၇ဝ% ကို ပိုင်ဆိုင်ခွင့်ပေးဖို့ တရုတ်အစိုးရပိုင် ကုမ္ပဏီက အဆိုပြု ထားပါတယ်။ ကျန် ၃ဝ% ကို မြန်မာအစိုးရနဲ့ ဒေသခံကုမ္ပဏီအချို့က ပါဝင်မှာဖြစ်ပါတယ်။ အရင် အစိုးရလက်ထက် မှာ သဘောတူစတင်ခဲ့တဲ့ အဲဒီ ရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုံကို တရုတ်ကုမ္ပဏီ CITIC အုပ်စုက ၇၅ နှစ် စီမံ အုပ်ချုပ်ခွင့်ရမှာဖြစ်ပြီး ဒီစီမံကိန်းမှာ အစုရှယ်ယာပါဝင်ရေးအတွက် မြန်မာအစိုးရဟာ တရုတ်ဘဏ်တစ်ခုကနေ ငွေချေးရမှာ ဖြစ်ပါတယ်။ ပညာရှင် ရှောင် တားနယ်လ် က ဒီဆိပ်ကမ်းစီမံကိန်းဟာ ကောင်းပါတယ်။ ဒါပေမဲ့ ဒေါ်လာ သန်း ၇ဝဝဝ သုံးစွဲတည်ဆောက်ဖို့ မလိုပါဘူး။ လတ်တလောကာလအတွင်း ပနားမားတူးမြောင်း တိုးချဲ့တဲ့ စီမံကိန်း ဟာ ဒေါ်လာ သန်း ၅ဝဝဝ ကျော်ပဲ ကုန်ကျပါတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံက သီရီလင်္ကာနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ ရေနက်ဆိပ်ကမ်းတစ်ခုဟာ ဒေါ်လာ သန်း ၁ ထောင် ကုန်ကျခဲ့ပြီးနောက် သီရီလင်္ကာအစိုးရက အကြွေးမဆပ်နိုင်တဲ့ အဆုံးမှာ တရုတ်ပြည်ကို ၉၉ နှစ် အုပ်ချုပ်ခွင့်နဲ့ ငှားရန်းခွင့်ပေးလိုက်ရတဲ့ သာဓက ရှိတယ်လို့လည်း ရှောင် တားနယ်လ် ကပြောဆိုကြောင်း နယူးယောက် အခြေစိုက် Bloomberg ဘလွမ်းဘာ့ဂ် သတင်းဌာနက သောကြာနေ့ မနေ့က ဖြန့်ချိတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။