ကျောက်တော်မှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီး အရပ်သားတစ်ဦး ဒဏ်ရာရ
2023.02.15

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ(၃၇၄) အနီးမှာ ဖေဖော်ဝါရီလ ၁၅ ရက် မနက်ပိုင်းက မြေမြှုပ်မိုင်းပေါက်ကွဲပြီး ဒေသခံတစ်ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
လမ်မတော်ရပ်ကွက်က အသက် ၄၁ နှစ်အရွယ် ဦးဇော်မိုင်းလွင်က စစ်ကောင်စီ တပ်အနီးက တောင်ပေါ်မှာထင်းရှာ သွားတဲ့အချိန်မှာ မြေမြှုပ်မိုင်းတစ်လုံးနင်းမိပြီး ညာဖက်ခြေထောက် ပြတ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူက ဒီနေ့မနက်ပိုင်းမှာ ထင်းရှာသွားတာ။ အဲဒီမှာ မြေမြှုပ်မိုင်း နင်းမိသားတာပေါ့။ ဖြစ်တာက ၃၇၄ တပ်ရင်း ခြံစည်းရုံးနားမှာ ဖြစ်သွားတာပါ။ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာရသွားတယ်။ ညာဖက်ခြေကတော့ ဒူးဆစ်အောက်ကနေ ပြတ်သွားတယ်”
ဒဏ်ရာပြင်းထန်တဲ့အတွက် ကျောက်တော်မြို့နယ်ဆေးရုံကနေ စစ်တွေဆေးရုံကြီးကို ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ရပ်စဲနေပေမယ့် အရပ်သားတွေ နေထိုင်တဲ့နေရာတွေ အနီးမှာ မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်ကလည်း မောင်တောမြို့နယ် ခမောင်းဆိပ်ရွာမှာ မြေမြှုပ်မိုင်းနင်းမိလို့ အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။အလားတူ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းရွာမှာ ဇန်နဝါရီလ ၂၆ ရက်က မိုင်းပေါက်ကွဲခဲ့ပြီး ရိုဟင်ဂျာ ကလေးတစ်ဦး သေဆုံးကာ ကလေးသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။