ကျောက်တံခါးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအ၀င် သုံးဦး ဒဏ်ရာပြင်းထန်
2023.07.24

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် ငါးဖယ်အင်းရွာထဲကို ဇူလိုင်လ ၂၂ ရက်နေ့ညက စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အသက် ၁၂ အရွယ် ကလေးတစ်ဦး အပါအဝင် သုံးဦးဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပိန်းဇလုပ်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၂၆၄ ) ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အသက် ၄၂ နှစ်အရွယ် စောဝါးဂေး၊ အသက် ၃၆ နှစ်အရွယ် နော်အယ်နေမူးနဲ့ အသက် ၁၂ အရွယ် စောအီဇက်ထူးတို့ ဒဏ်ရာရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးတွေနဲ့က နေတိုင်းလိုလိုပစ်တယ်။ အဲဒီနေ့ကတော့ ည ၁၀ နာရီခွဲလောက်မှာ ရွာထဲကို လက်နက်ကြီး သုံးလုံးကျတာမှာ တစ်မိသားစုတည်းကပဲ သုံးဦးဒဏ်ရာ ရသွားတယ်”
ကျောက်တံခါးမြို့နယ်ထဲမှာပဲ တလိုင်းခင်နဲ့ နံဇရွာတွေကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းထားသလို နေအိမ်တချို့ကိုလည်း မီးရှို့ခဲ့တယ်လို့ နောက်ထပ် ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြိး ဦးတင်ဦးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ကလည်း ငါးဖယ်အင်းရွာ ဘောလုံးကွင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဘောလုံးကစားနေတဲ့ အသက် သုံးဆယ် အရွယ် စောသာဂဒိုးနဲ့ အသက် ၂၇ နှစ်အရွယ် စောစုဒီတို့ သေဆုံးခဲ့ပြီး လေးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားငါးဦး ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၂၄ ရက် တစ်ရက်တည်းမှာပဲ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းရွာက နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ငါးဆယ်အရွယ် ဒေါ်ခင်နုနဲ့ အသက် လေးဆယ်အရွယ် ဒေါ်လင်းလင်းအေးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် တလိုင်းခင်နဲ့ နံဇရွာအပါအဝင် အနီးတစ်၀ိုက် ရွာတွေက အရပ်သား ၄၅၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်းအရှေ့ခြမ်းက ဒေသခံတစ်သိန်းနီးပါး (၉၈၁၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။