ကျောက်မဲမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ

2021.09.03
ကျောက်မဲမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ ကျောက်မဲမြို့ မြို့မဈေးက KBZ ဘဏ်ကို ၂၀၂၁ ဇွန် ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ် ကျောက်မဲမြို့၊ မြို့မဈေးတောင်ဘက်မှာရှိတဲ့ ကမ္ဘောဇ (KBZ) ဘဏ်ကို စက်တင်ဘာလ ၃ ရက် ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က အမျိုးသမီးတစ်ဦးအပါအဝင် လူ သုံးဦးက ဝင်ရောက်ဓားပြတိုက်ခဲ့တယ် လို့ ကျောက်မဲမြို့ဒေသခံတွေက RFA ကိုပြောပါတယ်။

KBZ ဘဏ်ဟာ ဘဏ်တံခါးမကြီးကိုပိတ်ပြီး ဘေးတံခါးပေါက်အသေးကိုဖွင့်ကာ ငွေထုတ်ပေးနေတဲ့ အချိန်မှာပဲ လူသုံးဦးက ကားနဲ့ရောက်လာပြီး ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးဖြစ်တဲ့ ဦးတင်မောင်သိန်းက RFA ကိုပြောပါတယ်။

အဲဒီအချိန်မှာ ဘဏ်အနီးအနား အပါအဝင် ကျောက်မဲမြို့ပေါ်မှာ လူသွားလူလာကျဲနေပြီး ကားလမ်းတွေလည်း ပိတ်ဆို့မှုမရှိတာကြောင့် ဓားပြတိုက်သူတွေဟာ အလွယ်တကူပဲ ကားမောင်းပြီး ထွက်ပြေးသွားတယ်လို့ သူကဆိုပါတယ်။

ဓားပြတိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျောက်မဲမြို့ပေါ်က လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်နေပေမယ့် ညနေ ၃ နာရီခွဲအချိန်အထိ ဖမ်းမိတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လူမှုကွန်ရက်မှာတော့ အဲ့ဒီဘဏ်ဓားပြတိုက်မှုမှာ ငွေကျပ် သိန်း ၁၀၀၀ ဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ ရေးသား ပြောဆိုနေပေမယ့် ဒီကိန်းဂဏန်းနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်ကလည်း ချင်းပြည်နယ် တီးတိမ်မြို့ပေါ်က မြန်မာ့စီးပွားရေးဘဏ်ကို ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပေါ်ခဲ့ပေမယ့် ပါဝင်သူတွေကို ခုချိန်ထိဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။