ကျိုက်ထိုမှာ လက်နက်ကြီးထိလို့ အရပ်သားနှစ်ဦး သေဆုံး
2023.03.29

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဲရုံးကလေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ညပိုင်းက စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး အခြားအရပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျိုက်ထို ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၂ နှစ်အရွယ် မောင်လျှံထက်အောင်နဲ့ အသက်၂၄ နှစ်အရွယ် စောနောင်ဦးတို့ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သေတဲ့သွားတဲ့ကလေးတွေက မဲရုံးကလေးရွာခံတွေ မဟုတ်ဘူး။ ဘိုက္ကားရွာကနေ မဲရုံးလေးက ရော်ဘာခြံမှာ အလုပ်လာလုပ်ကြတာ။ အဲဒါ စစ်ကောင်စီတပ်ဘက်က ည ၇ နာရီလောက်မှာ လက်နက်ကြီး ၁၀ လုံးလောက် ရွာထဲကိုပစ်တာ။ ရော်ဘာခြံထဲကျတော့ ထိသွားတယ်။ စောနောင်ဦးက နေရာမှာပဲ သေတယ်။ လျှံထက်အောင်ကတော့ ကျိုက်ထို ဆေးရုံမှာသေတယ်။ ဒဏ်ရာရတဲ့ အမျိုးသားနှစ်ဦးက သထုံဆေးရုံမှာ ဆေးကုနေတယ်”
မတ်လ ၂၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ ကုန်စည်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ မရမ်းချောင် စစ်ဆေးရေး ဂိတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။
မတ်လ ၂၇ ရက် ညပိုင်းမှာတော့ မရမ်းချောင်စစ်ဆေးရေးဂိတ်နဲ့ သုံးမိုင်လောက်ဝေးတဲ့ မဲရုံးကလေးရွာထဲကို လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၁)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်းကတော့ မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ဦးတိုးဝင်းကတော့ မရမ်းချောင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာ မှန်ကန်ပြီး အဲဒီမှာ တာဝန်ကျနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ RFA ကို ပြောပါတယ်။
အရပ်သား ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ သီးခြား အတည်မပြုနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်ကလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ အနီးမှာ အသက် ၁၈ နှစ်အရွယ်တွေဖြစ်ကြတဲ့ စောငပြူးနဲ့ စောရဲနိုင်ဝင်းတို့ကို စစ်ကောင်စီတပ်တွေက ပစ်သတ်ခဲ့တယ်လို့ KNU က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား ၃၁၇၁ ဦး သေဆုံးခဲ့ရပါတယ်။