ကျိုက္ခမီမှာ ဝမ်းရောဂါကြောင့် လှေလုပ်သား ခြောက်ဦး သေဆုံး

RFA Burmese
2024.09.16
ကျိုက္ခမီမှာ ဝမ်းရောဂါကြောင့် လှေလုပ်သား ခြောက်ဦး သေဆုံး ကျိုက္ခမီမြို့ကမ်းနားရှိ ငါးဖမ်းလှေအတွင်း ပိုးသတ်ဆေးဖျန်းနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ၀မ်းရောဂါကြောင့် ငါးဖမ်းစက်လှေလုပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၁၆ ရက် ဒီနေ့မှာ ပြောပါတယ်။

ကျိုက္ခမီမြို့မှာ စက်တင်ဘာလ ပထမပတ်ကစလို့ ပင်လယ်ပြင် ငါးဖမ်းစက်လှေသမားတွေနဲ့ ကျားဖောင်လုပ်သားတွေ ၀မ်းရောဂါကူးစက်မှု ရှိလာပြီး သေဆုံးမှုတွေအထိ ရှိလာတာပါ။

သေဆုံးသူတွေဟာ ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရင်း ဝမ်းရောဂါ ကူးစက်ခံရတဲ့ လှေလုပ်သားတွေလို့ ကျိုက္ခမီမြို့ ခံတစ်ဦးက RFA ကို ပြောပါတယ်။

“၀မ်းပျက်ပြီး ဆုံးသွားတာက ခြောက်ယောက်ရှိပြီ။ ၀မ်းပျက်၀မ်းလျှောဖြစ်တော့ သူတို့သောက်တဲ့ ရေတွေကလည်း မသန့်တော့ လှေပေါ်မှာလည်း ဆေးတွေက မရှိတော့ ၀မ်းသွားရင်းနဲ့ ကမ်းရောက်တဲ့အချိန် အသက်က မရှိတော့ဘူး။ ဆေးမမီတာလည်း ပါတယ်။ လှေ သုံးစင်း၊ လေးစင်းလောက်ရှိတယ်။ အဲဒီက လှေလုပ်သားတွေ။ အဲဒီလှေတွေကို ပင်လယ်အနီးနားမှာပဲ ကျောက်ချရပ်ခိုင်းထားတယ်”

၀မ်းရောဂါဖြစ်ပွားခဲ့တဲ့ လှေတွေပေါ်က လှေလုပ်သား ၈၃ ဦးကို ကျိုက္ခမီဆေးရုံမှာ စစ်ဆေးခဲ့ပြီး အဲဒီအထဲက လှေလုပ်သား ၁၂ ဦးကတော့ စောင့်ကြည့်ကုသမှု ခံယူနေရတယ်လို့ သူက ပြောပါတယ်။

ကျိုက္ခမီမြို့တွင်းမှာတော့ ၀မ်းရောဂါ ကူးစက်မှု မရှိသေးပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး မြို့တွင်းက အစားအသောက်ရောင်းချတဲ့ ဈေးဆိုင်တွေကို ဆယ်ရက်ကြာ ယာယီပိတ်သိမ်းဖို့ စစ်ကောင်စီရဲ့ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

လက်ရှိမှာ ဝမ်းရောဂါကြောင့် သေဆုံးမှုတွေ ရှိလာတဲ့အတွက် ငါးဖမ်းလှေတွေနဲ့ ပင်လယ်ကမ်းနားက ငါးခြောက်လုပ်ငန်း နေရာတွေမှာလည်း ပိုးသတ်ဆေးဖျန်းတာနဲ့ ကလိုရင်းခတ်တာတွေ လုပ်ဆောင်ပေးနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။