လက်နက်ကြီးကျလို့ သေဆုံးသူတွေရဲ့ နာရေးအခမ်းအနား
2019.09.01

နာရေးအစီအစဉ်ကို ဒီကနေ့နေ့လယ်ပိုင်းမှာ ပြုလုပ်ရာမှာ မောဟစ်ရွာ ကချင်ဘုရားကျောင်းကနေ ကွတ်ခိုင် ခရစ်ယာန်သုသာန်ကို လူပေါင်း တစ်ထောင်ကျော်လောက် ပို့ဆောင်ပေးခဲ့ပြီး သြင်္ဂိုဟ်ခဲ့ပါတယ်။
အဲဒီသေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်းဆိုပြီးတော့ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့တို့က ကြေညာချက်တစ်စောင်ကိုလည်း မနေ့ညပိုင်းလောက်က ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့လောက်ကစပြီး ပြင်ဦးလွင်နဲ့ နောင်ချိုမြို့တို့မှာ မြောက်ပိုင်း သုံးဖွဲ့ဖြစ်တဲ့ TNLA၊ MNDAA နဲ့ AA တို့ သုံးဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့ရာကနေ လားရှိုး၊ သိန္ဒီ၊ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာတွေမှာ တိုက်ပွဲတွေက တစ်နေ့တစ်ခြား ပြင်းထန်လာနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေ ပြင်းထန်လာနေချိန်မှာပဲ ကျိုင်းတုံမြို့မှာ မြောက်ပိုင်း လေးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့တာပါ။
တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေက သေချာတိကျတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ခဲ့တယ်ဆိုတာလည်း မကြားမိခဲ့တဲ့အတွက် နောက်ထပ်ဒီလိုဖြစ်စဉ်မျိုး ကြုံတွေ့ရမှာကို စိုးရိမ်မိတယ်လို့ ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC ကော်မတီဝင် ဆရာမ ချောင်းညွယ်က ပြောပါတယ်။
"ဒီနေ့လည်း အသုဘ သွားခဲ့တယ် ဝမ်းနည်းစရာတွေ အများကြီးပဲ၊ မနေ့ကထိ နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုကဘာမှ မသိရဘူးပေါ့၊ အဖြေတော့ မြန်မြန်ထွက်စေချင်တယ်၊ မြန်မြန်ထွက်ပြီး မြန်မြန်ငြိမ်းချမ်းဖို့ ပြည်သူတွေ မြေစာခံနေရတယ်၊ လက်နက်ကိုင်အချင်းချင်းတော့ မထိဘူး၊ ပြည်သူတွေပဲ ထိနေရတယ်၊ အားလုံးရင်ထဲ လက်နက်ကိုင်တွေရင်ထဲ စာနာတတ်တဲ့စိတ်ရှိအောင် အများကြီး ပြောချင်ပါတယ်"
အခုဖြစ်စဉ်ထဲမှာ ဘယ်တိုင်းရင်းသားတွေထဲကဖြစ်နေပါစေ အဲဒီအသုဘအခမ်းအနားကို မဖြစ်ဖြစ်အောင်သွားပြီး လိုက်ပို့မယ်ဆိုပြီးသွားခဲ့တယ်လို့လည်း ဆရာမ ချောင်းညွယ်က ပြောပါတယ်။
ပစ်ခတ်ရင်း အဖြေရှာကြတာတွေက ကြားထဲက ပြည်သူတွေကပဲ ထိခိုက်သေဆုံးခဲ့ရတာမို့ နှစ်ဖက် လက်နက်ကိုင်အဖွဲ့တွေ စားပွဲဝိုင်းမှာ ယဉ်ယဉ်ကျေးကျေးနဲ့ ဆွေးနွေးအဖြေရှာကြပါလို့ တောင်းပန်ချင်ပါတယ်လို့ ကွတ်ခိုင် RC ဒုက္ခသည်စခန်းက ဒေါ်ဇောင်းယန်းကလည်း သူ့ခံစားချက်ကို ပြောပါတယ်။
"ငြိမ်းချမ်းဖို့ အပစ်ခတ်ပြီးမပြောဘဲနဲ့ စားပွဲဝိုင်းမှာ ချိုချိုသာသာဆွေးနွေးပြီးတော့ ပျော်ရွှင်တဲ့နိုင်ငံ ဖြစ်လာရင်ကောင်းလိမ့်မယ်၊ ခုလို ပဋိပက္ခတွေကြားမှာ ပြည်သူတွေ အသက်ဆုံးရှုံးရတယ်၊ ဒီလို ဝမ်းနည်းဖွယ်ရာဖြစ်တယ်ဆိုတာတော့ စိတ်မကောင်းတွေဖြစ်ကြတာပေါ့၊ ခုလောလောဆယ်တော့ မနေ့က ငါးယောက် သေဆုံးသွားတယ်၊ ကွက်ခိုင်အနီးတဝိုက်က ရွာတွေသွားလာရခက်ခဲလာတယ်၊ စစ်ရှောင်ဖြစ်လာရသူတွေကို မြင်နေရတယ်"
ရှမ်းပြည်မြောက်ပိုင်းဘက် တိုက်ပွဲတွေဖြစ်ပွားမှုမှန်သမျှတို့မှာ သွားရောက်ကယ်ဆယ်ရေးတွေကို တစ်စိုက်မတ်မတ်လုပ်ပေးနေတဲ့ နယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုးကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။
"စိတ်မကောင်းဘူးဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူးလေ၊ အမြန်ဆုံးငြိမ်းချမ်းပြီး ကိုယ့်စီးပွားရေး အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စေချင်ပါတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရော အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖော်ဆောင်နိုင်ပြီးတော့ ပြည်သူကိုအကျိုးပြုတဲ့ အဖွဲ့အစည်းတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်"
မနေ့က ကျိုင်းတုံမြို့မှာ အစိုးရငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုကော်မတီ NRPC နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ဒီကနေ့ မနက်ပိုင်းအချိန်အထိ ကွတ်ခိုင်မြို့ပေါ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေတော့ မကြားရဘူးလို့ ကွတ်ခိုင်ဒေသခံတွေက ပြောကြပါတယ်။
(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)