ကွတ်ခိုင်မှာ မိုးသက်လေပြင်းတိုက်လို့ ကလေးတစ်ဦးသေဆုံးပြီး နေအိမ် ၆၀ ကျော်ပျက်စီး
2023.07.20

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်တာကြောင့် ၁၁ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ရွာလေးရွာက နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်၊ မန်နောင်ရွာမှာတော့ မိုးသက်လေပြင်းတိုက်ချိန် မိုးကြိုးပစ်လို့ အသက် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့တယ်လို့ မန်နောင်ရွာခံ မမြရီကပြောပါတယ်။
"တစ်နေကုန် နေတအားပူပြီး ညနေပိုင်းကျတော့ မိုးတွေ၊ လေတွေ တိုက်တာ။ ကလေးတွေက ကျောင်းဆင်းပြီးတော့ ကျွဲသွားရှာဖို့ ဆိုပြီးသွားတာ။ သူနဲ့ပါသွားတဲ့ ကလေးကို မေးကြည့်တော့ လေတိုက်လို့ ပြေးတဲ့အချိန် ဒုန်းဆိုအသံကြားပြီး လဲသွားတာလို့ ပြောတယ်။ နှစ်ယောက်လုံး လဲသွားတာ။ဆုံးသွားတဲ့ကလေးက ပြန်မထနိုင်တော့ဘူးပေါ့နော်။ မိုးကြိုးစက်ကွင်း ထိသလိုဖြစ်သွားတာ။ အသားတွေလည်း ပြာနေတာ။ ဆေးရုံပို့တာလည်း မရတော့ဘူး"
သေဆုံးသွားတဲ့ ကလေးငယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ သူကဆိုပါတယ်။
လေပြင်းတိုက်ခတ်တာကြောင့် မန်နောင်၊ ဟွေခုတ်၊ အင်မိန်းဟိုကျန့်နဲ့ မန်တုံရွာတွေက အိမ်ခြေ ၆၀ ကျော် ပျက်စီးခဲ့ပြီး တချို့ရွာတွေမှာလည်း ပျက်စီးမှုတွေ ထပ်ရှိနိုင် သေးတယ်လို့ အင်မိန်းဟိုကျန့်ကျေးရွာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင် ကိုမင်းနိုင်က ပြောပါတယ်။
သီလရှင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း တချို့လည်း အမိုးလန်ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။
ကွတ်ခိုင်မြို့အထွက်က လူဦးရေ ၁၂၀ လောက်နေထိုင်တဲ့ ဟေဗြုန်မူးယစ်ဆေးဖြတ်စခန်းနဲ့ မိဘမဲ့ဂေဟာက အဆောင်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ စခန်းတာဝန်ခံ ဒေါ်နန်းခမ်းအောင်က ပြောပါတယ်။
"မူယစ်ဆေးဖြတ်ဖို့လာတဲ့ လူက ၇၀ ရှိတယ်။ မိဘမဲ့ကလေးက ၅၀ ရှိတယ်။ သူတို့အဆောင်တွေလည်း အကုန် ပါသွားတာ။ ဝါတဲနဲ့ပဲ လုပ်ထားတာဆိုတော့လေ"
လေပြင်းကြောင့် နေအိမ်ပျက်စီးသွားတဲ့ မိသားစုဝင်တွေကို နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေအိမ်မှာ နေရာချထားပေးထားတယ်လို့ အရပ်ဘက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပြီး မုတ်သုန်လေ အားကောင်းနေတယ်လို့ဖော်ပြပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့ မနက်ဖြန်အထိ ပြည်နယ်အာလုံးနီးပါးမှာ မိုးထစ်ချုန်းရွာနိုင်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။