လက်နက်ကြီးကျလို့ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ငါးဦး သေဆုံး
2019.08.31
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ မောဟိတ်စုစည်းရွာထဲ လက်နက်ကြီးကျလို့ လသားအရွယ်ကလေး တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဒီနေ့ ရှမ်းအရှေ့ ကျိုင်းတုံမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် ကွတ်ခိုင် နဲ့ ရခိုင်က ဘူးသီးတောင်တို့မှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။
ဒီမနက် ၆ နာရီလောက်ကစပြီး ကွတ်ခိုင်မြို့မှာ မြောက်ပိုင်းအဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကွတ်ခိုင်ကနေ မူဆယ်အထွက် တိုးဂိတ် ညာဘက် ယူကလစ်တောနဲ့ လားရှိုးကနေ ကွတ်ခိုင်အဝင် ရပ်ကွက် ၈ ဘက်မှာ မြောက်ပိုင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမှာ မနက် ၁၀ နာရီခွဲကျော်အထိ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည်က မောဟိတ်စုစည်းရွာထဲ ကျပြီးနောက် လသားအရွယ် ရင်ခွင်ပိုက်ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့တာလို့ ကွတ်ခိုင်မြို့ လူမှုကူညီရေးအသင်းက ဦးတင်ဝင်းက ပြောပါတယ်။
သေဆုံးသူတွေဟာ အမျိုးသမီး သုံးဦးနဲ့ ၉ နှစ်အရွယ် ယောကျာၤးလေးတစ်ဦး၊ လသားအရွယ် မိန်းကလေး တစ်ဦးဖြစ်ပါတယ်။
ဒီနေ့ ညနေ ၃ နာရီလောက်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာရွာအနီးမှာ မြောက်ပိုင်းအဖွဲ့ဝင် ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။