CRPH နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KSCC ပြော

2021.04.21
CRPH နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KSCC ပြော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ရန်ကုန်မြို့နေ ပြည်သူတွေက ၂၀၂၁၊ မတ် ၁၄ ရက်နေ့က ဆန္ဒပြကြစဥ်
Photo: RFA

အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် CRPH က ရေးဆွဲထားတဲ့ အခြေခံမူဟာ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အခြေခံမူတွေနဲ့ တစ်ထပ်တည်းကျနေတဲ့အတွက် ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ( KSCC ) က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"ကျနော်တို့ ဒီ နောင်အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ချမှတ်တဲ့ အခြေခံမူကလည်း ကျနော်တို့ တိုင်းရင်းသားတွေ ဒီကနေ့တောင်းဆိုနေတဲ့ အခြေခံမူတွေနဲ့ တစ်ထပ်တည်းကျတယ်ပေါ့နော်။ ဒါကြောင့်မလို့ ကျနော်တို့က CRPH နဲ့ ညှိနှိုင်းအစည်းအဝေးတွေ ပြုလုပ်တယ်။"

KSCC ကို ဧပြီလ ၉ ရက်နေ့မှာ ကရင်နီပြည်နယ်အတွင်းက ၂၀၂၀ အနိုင်ရလွှတ်တော်အမတ်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ လူငယ်နဲ့ အမျိုးသမီး အဖွဲ့အစည်း၊ တတ်သိပညာရှင်အားလုံး စုစည်းပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကတွေပျက်စီးပြီး ပြည်သူရဲ့ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုတွေကို အကောင်အထည်မဖော်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေတဲ့အတွက် KSCC က ကြားကာလမှာ တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

"လောလောဆယ်မှာတော့ ကျနော်တို့ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကတော့ ကျနော်တို့လက်ထဲမှာ ရှိပြီးသားဖြစ်တယ်။ ဒီမူကြမ်းကိုပဲ လက်ရှိ အခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲပြီးတော့မှ ကျနော်တို့ အစိုးရသစ်ကို CRPH၊ NUG တို့နဲ့ ညှိနှိုင်းပြီးတော့မှ ဖွဲ့စည်းသွားဖို့ အစီအစဉ်တော့ရှိပါတယ်။" လို့ သူက ဆက်ပြောပါတယ်။

ကယားပြည်နယ်မှာ ဒီလိုကြားကာလအတွင်း ကယားပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ ( CRSH ) နဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ( KSCC ) ကို ဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။