ဦးကိုနီလုပ်ကြံမှု ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို သေဒဏ်ချမှတ်


2019.02.15
kyilin.JPG

ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ခဲ့တဲ့ သေနတ်သမား ကြည်လင်းကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သေဒဏ်ကြိုးမိန့် ချမှတ်အပြီး တွေ့ရစဉ် (Photo: Kyaw Zaw Win/RFA)

aungwinzaw.JPG

ရှေ့နေ ဦးကိုနီ လုပ်ကြံမှုမှာ အားပေးကူညီမှုနဲ့ သေဒဏ်ချမှတ်ခံရတဲ့ အောင်ဝင်းဇော်ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: Kyaw Zaw Win/RFA)

zayyarphyo.jpg

ရှေ့နေ ဦးကိုနီ လုပ်ကြံမှုမှာ ငွေကြေးထောက်ပံ့မှုနဲ့ ထောင်ဒဏ် ၅ ချမှတ်ခံရတဲ့ ဇေယျာဖြိုး ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ် (Photo: Kyaw Zaw Win/RFA)

aungwintun.JPG

ရှေ့နေ ဦးကိုနီ လုပ်ကြံမှုမှာ ပါဝင်သူဖြစ်တဲ့ အောင်ဝင်းထွန်းကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထောင်ဒဏ် ၃ နှစ်ချမှတ်အပြီး တွေ့ရစဉ် (Photo: Kyaw Zaw Win/RFA)

တရားလွှတ်တော် ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် သေနတ်သမား ကြည်လင်းနဲ့ ခိုင်းစေခဲ့တယ်ဆိုပြီး အောင်ဝင်းဇော်တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ကြိုးမိန့်သေဒဏ်အမိန့် ချမှတ်လိုက်တာဖြစ်ပါတယ်။

ဦးကိုနီကို လုပ်ကြံပြီး ထွက်ပြေးချိန်မှာ အငှားယာဉ်မောင်း ဦးနေဝင်းကို ထပ်မံ သေနတ်နဲ့ ပတ်သတ်ခဲ့တာကြောင့် သေနတ်သမား ကြည်လင်းကို နောက်ထပ် ထောင်ဒဏ် နှစ် ၂၀ နဲ့ သေနတ်ကိုင်ဆောင်မှုအတွက် ထောင်ဒဏ် ၃ နှစ်ကို သီးခြားထပ်မံချခဲ့ပါတယ်။

ဒါ့အပြင် ဒီအမှုမှာ ဝရမ်းပြေးအဖြစ် သတ်မှတ်ထားတဲ့ အောင်ဝင်းခိုင်ရဲ့ ပြစ်မှုကိုဖုန်းကွယ်ထားတယ်ဆိုပြီး လုပ်ကြံမှုမှာ ပါဝင်ပတ်သက်မှုနဲ့ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်နဲ့ အောင်ဝင်းဇော်ရဲ့ ပြစ်မှုကို ဖုန်းကွယ်ထားမှုနဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။

ပထမစွဲချက်တင်ထာရာမှာ ဇေယျာဖြိုးဟာ ပိုက်ဆံပေးစေခိုင်းသူဖြစ်တဲ့အတွက် လူသတ်မှုကို ပူးပေါင်းအားပေး ကြံစည်သူလို့ တရားရုံးမှာ စွဲချက်တင်ထားပေမယ့် ဒီကနေ့ တရားရုံးကဆုံးဖြတ်ချက်ချရာမှာ ဇေယျာဖြိုးဟာ ငွေပေးစေခိုင်းတယ်ဆိုတာကို တရားလိုဖက်က တိုက်ရိုက် (ဒါမှမဟုတ်) သွယ်ဝိုက်ပြီး သက်သေမပြနိုင်ကြောင်း တရားရုံးက သုံးသပ်ပြောကြားပါတယ်။

အဲ့ဒီလို ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်အမိန့် ချမှတ်တဲ့အပေါ် ရှေ့နေ ဦးကိုနီရဲ့မိတ်ဆွေလည်းဖြစ် အမှုမှာ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူလည်းဖြစ်တဲ့ ရှေ့နေ ဦးနေလက ဥပဒေမှာ အားနည်းမှုရှိတဲ့အကြောင်း ပြောပါတယ်။

"ဥပဒေမှာ အားနည်းမှုရှိတယ်လို့ ယူဆတဲ့အတွက်ကြောင့် ရှေ့နေအဖွဲ့တွေအနေနဲ့ ခရိုင်ဥပဒေအရာရှိနဲ့လည်း တိုင်ပင်တယ်၊ ခရိုင်ဥပဒေအရာရှိကလည်း ဥပဒေအရ အားနည်းမှုတွေရှိတယ်လို့ သတ်မှတ်တယ်၊ ဆရာတို့ကိုယ်တိုင်လည်း ဥပဒေအရ အားနည်းမှုတွေရှိနေတယ်လို့ သတ်မှတ်ပါတယ်"

ဒီကနေ့ အမိန့်ချမှတ်လိုက်ရာမှာ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ကို ကနဦးစွဲချက်အတိုင်း အမိန့်ချမှတ်လိုက်ပေမယ့် ဇေယျာဖြိုးကိုတော့ ကနဦးစွဲချက်အတိုင်း အမိန့်ချမှတ်ခဲ့တာ မဟုတ်တဲ့အပေါ် တရားလို ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဌေးက အခုလို ပြောပါတယ်။

"ကိုကြည်လင်းကို စွဲချက်တင်ထားတဲ့ ပုဒ်မနဲ့ပဲ ပြစ်မှုထင်ရှား တွေ့လိုက်ပြီးပြီ၊ အဲဒီအတွက်သေဒဏ်ချပြီးပြီ၊ နောက်တစ်ခုက ကိုအောင်ဝင်းဇော်နဲ့ ပတ်သက်ပြီးတော့လည်း စွဲချက်တင်ထားတဲ့ ပုဒ်မနဲ့ အပြစ်ပေးလိုက်ပြီးပြီ ဒါလည်းတွေ့ပြီးပြီ၊ ဒီဟာနဲ့ ပတ်သက်လို့လည်း ဘာမှပြောစရာမရှိဘူး၊ ကိုအောင်ဝင်းထွန်းနဲ့ ပတ်သက်ပြီးတော့လည်း စွဲချက်တင်ထားတဲ့ ပုဒ်မနဲ့ အပြစ်ပေးလိုက်တယ်၊ ဒါနဲ့ပတ်သက်ပြီးတော့လည်း ပြောစရာမရှိဘူး၊ ကိုဇေယျာဖြိုးနဲ့ ပတ်သက်ပြီးတော့ စွဲချက်တင်ထားတဲ့ပုဒ်မကနေ ၂၁၂ ပထမပိုင်းနဲ့ ပြောင်းပြီးတော့ အမိန့်ချပေးလိုက်တယ်၊ အဲဒါနဲ့ ပတ်သက်ရင် ကျွန်တော်တို့က ဥပဒေနဲ့ အညီဆက်ပြီးတော့ ဆောင်ရွက်မယ်"

သေနတ်သမား ကြည်လင်း တရားရုံးချိန်းတွေမှာ အကြိမ်ကြိမ်ပြောဆိုခဲ့တဲ့ သူ့ကိုစေခိုင်းသူဟာ မြင့်ဆွေဆိုသူဖြစ်ကြောင်းထွက်ဆိုမှုဟာ ဖန်တီးထားတာဖြစ်ကြောင်းနဲ့ အဲဒီသူဟာ အောင်ဝင်းဇော်ဖြစ်ကြောင်း ဒီကနေ့တရားရုံးက သုံးသပ်ပြောကြားလိုက်ပါတယ်။

ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ချမှတ်လိုက်တဲ့အမိန့်ကို တရားခံတွေဘက်က ကျေနပ်မှုမရှိရင် သေဒဏ်ကျခံရသူတွေဟာ ၁ ပတ်အတွင်း အယူခံဝင်ရမှာဖြစ်ပြီး ထောင်ဒဏ် ကျခံရသူတွေဟာ ရက်ပေါင်း ၆၀ အတွင်းမှာ အယူခံဝင်ရမှာဖြစ်ပါတယ်။

အယူခံဝင်ဖို့၊ မဝင်ဖို့ ကိစ္စကို ဘာမှမပြောသေးဘဲ သက်ဆိုင်ရာ မိသားစုဝင်တွေရဲ့ ဆန္ဒပေါ်မှာသာ မူတည်ကြောင်း တရားခံတွေရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကျော်ကျော်ထိုက်က အမိန့်ချအပြီးမှာ ပြောပါတယ်။

"ဒီအမှုမှာ ဥပဒေက ပေးထားတဲ့ တခြားရုံးတွေရှိသေးတယ်၊ တခြားရုံးတွေကလည်း ဒါကို ဘယ်လို ပြန်သုံးသပ်ဦးမလဲ၊ ဒီကထွက်ဆိုချက်တွေကို ဘယ်လိုအသေးစိတ် ပြန်လေ့လာကြဦးမလဲဆိုတာက ကာယကံရှင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်တယ်"

ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရတဲ့ ဇေယျာဖြိုးရဲ့မိန်းမဖြစ်သူကတော့ ရန်ကုန်တိုင်းတရားရုံးမှာ အယူခံ ဆက်တက်သွားမယ်လို့ ပြောပါတယ်။

လုပ်ကြံခံခဲ့ရတဲ့ ဦးကိုနီရဲ့ သားဖြစ်တဲ့ ကိုသန့်ဇင်ဦးကတော့ တရားရုံးက ဒီနေ့ အမိန့်ချမှတ်မှုအပေါ် အခုလို ပြောပါတယ်။

"မိသားစုအနေနဲ့ ဘာမှမှတ်ချက်ပေးလိုတဲ့ ဆန္ဒမရှိသေးပါဘူး၊ အယူခံလည်း တစ်ဖက်က ဝင်နိုင်တဲ့ အခြေအနေရှိနေသေးတာကြောင့် အယူခံဝင်မယ်ဆိုရင် စောင့်ကြည့်ဖို့ လိုသေးလို့ပါ"

ဒီကနေ့ အမိန့်ချပြီးနောက် တရားရုံးက ပြန်လည်ထွက်လာချိန်မှာ တရားခံတွေကို သတင်းမီဒီယာတွေက မေးမြန်းခွင့်မရခဲ့ဘဲ အချုပ်ကားပေါ် တစ်ခါတည်းတင်ပြီး အင်းစိန်အကျဉ်းထောင်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်းကို လာရောက်စောင့်ကြည့်ခဲ့သူတွေထဲက ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို ထောက်ခံသူတွေက သေဒဏ်ပေးမှုအပေါ် မကျေနပ်တာတွေရှိသလို ဦးကိုနီ လုပ်ကြံခံရတာကို မကျေနပ်သူတွေကလည်း ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာကိုလည်း မကျေနပ်မှုတွေရှိခဲ့ပါတယ်။

ရှေ့နေ ဦးကိုနီဟာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ အနီးကပ် လုပ်ကြံခံခဲ့ရတာဖြစ်ပြီး အမှုကို ၂ နှစ်ကျော် စစ်ဆေးပြီးနောက်မှာ အခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုထက်အာကာ တို့က ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။