လူသတ်မှုကျူးလွန်သူတွေအပေါ် ဝန်းရံသူတွေကို အရေးယူပေး ဖို့ ရှေ့နေအဖွဲ့ တောင်းဆိုမည်
2018.02.04

တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်၊ မြောက်ပိုင်းခရိုင် တရားရုံး ရုံးထုတ်မှာ "မင်းတို့ထမင်းဝအောင်စားထား"ဆိုတဲ့ စတစ်ကာပါ အင်္ကျီတွေ ဝတ်ဆင်ပြီး တရားစွဲခံထားရတဲ့ ကြည်လင်း နဲ့ အပေါင်းအပါတွေကို လူတစ်စုက လာရောက် ထောက်ခံ ခဲ့တဲ့အပေါ် အရေးယူပေးဖို့ ရှေ့နေအဖွဲ့အစည်းတွေက တောင်းဆိုသွားမယ့်အကြောင်း ဒီကနေ့ ရန်ကုန်ရှေ့နေ အသင်းရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
လူသတ်မှု ကျူးလွန်သူတွေကို ဝန်းရံထောက်ခံတာဟာ တိုင်းပြည် မငြိမ်မသက်ဖြစ်စေဖို့ အစီအစဉ်ရှိရှိ ကြံစည် လုပ်ဆောင်ရာရောက်တဲ့အတွက် သက်ဆိုင်ရာအဖွဲ့တွေက ထိရောက်စွာ အရေးယူပေးဖို့ အဓိက တောင်းဆို သွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုး က ပြောပါတယ်။
"တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန် အစီအစဉ်ရှိရှိ ကြံစည်လုပ်ဆောင်ရာရောက်လို့ ကျနော်တို့အားလုံးက ကန့်ကွက်ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင် ရွက်ပေးပါရန် အလေးအနက်ထား တောင်းဆိုကြောင်း အများသိစေရန် ကြေညာအပ်ပါသည်ဆိုပြီးတော့ ကျနော်တို့ ကြေညာမှာဖြစ်ပါတယ်"
အဲဒီလို လာရောက်ဝန်းရံပြီး လူသတ်တာကို အားပေးတဲ့ ပြုမှုချက်ဟာ လူသတ်မှုကို တရားရုံးရှေ့မှာ ပြောင်ပြောင် တင်းတင်း အားပေးတာ၊ လှုံ့ဆော်တာ၊ ဖိအားပေးတာတွေအပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ -၁၉(က) ပါ ဥပဒေနဲ့အညီ လွတ်လပ်စွာ တရားစီရင်ရေးကို အနှောင့်အယှက် အဟန့်အတားပြုရာ ရောက်တဲ့အတွက် ရှေ့နေ အဖွဲ့အစည်းအားလုံးက ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိတွေထံ စာပေးပို့ပြီး လူသတ်မှု ကျူးလွန်သူတွေကို ဝန်းရံထောက်ခံ သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ တင်ပြတောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်၊ မြောက်ပိုင်းခရိုင် တရားရုံး ရုံးထုတ်မှာ "မင်းတို့ထမင်းဝအောင်စားထား" ဆိုတဲ့ စတစ်ကာပါ အင်္ကျီတွေ ဝတ်ဆင်ပြီး တရားစွဲခံထားရသူတွေကို လာရောက် ဝန်းရံခဲ့တာဖြစ်ပါတယ်။