ကြည်လင်းကို ထောင်ဒဏ် ၁ နှစ် ချမှတ်ထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးရှေ့နေ ဦးကိုနီကို လုပ်ကြံမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားရတဲ့ ကြည်လင်း ကို သြဂုတ်လ ၃၀ ရက်နေ့က လဝက ဥပဒေအရ ထောင်ဒဏ် တစ်နှစ် ချမှတ်ထားတယ်လို့ မြောက်ပိုင်း ခရိုင် တရားရုံးက ပြောပါတယ်။
ကြည်လင်းကို လဝက ဥပဒေနဲ့ ပြီးခဲ့တဲ့သြဂုတ်လ ၃၀ရက်နေ့က မင်္ဂလာဒုံ တရားရုံးကနေ ထောင်ဒဏ် ၁ နှစ် အမိန့်ချခဲ့တာဖြစ်တယ်လို့ မြောက်ပိုင်းခရိုင်တရားသူကြီး ဦးရဲလွင် ကပြောပါတယ်။
ကြည်လင်းဟာ ထိုင်းနိုင်ငံကိုသွားရောက်ခဲ့တဲ့ လက်မှတ်ကိုတွေ့ရှိခဲ့တာကြောင့် တရားမဝင် နိုင်ငံဖြတ်ကျော်တဲ့ လဝကအမှုနဲ့ တရားစွဲဆိုခံရတာဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အချိန်က ရိုက်ကူထားတဲ့ ရန်ကုန်လေဆိပ် က CCTV မှတ်တမ်းဗီဒီယိုဖိုင်တွေကို သက်သေအဖြစ် ဆက်လက်စစ်ဆေး ပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတာဟာ ၈ လကျော်ကြာရှိခဲ့ပမယ့် ကြည်လ င်းအပါအဝင် ပါဝင်ပတ်သက်သူတွေလို့ ရဲတပ်ဖွဲ့က သတ်မှတ်ထားတဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုး တို့ကိုသာ ဖမ်းဆီးအမှုစစ်ဆေးနေပေမဲ့ အဓိက ပါဝင်ပတ်သက်သူတစ်ဦးဖြစ်တဲ့ အောင်ဝင်းခိုင် ကိုတော့ အခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။