မိသားစုအသက်အန္တရာယ်ကြောင့် ဦးကိုနီကို လုပ်ကြံခဲ့တာလို့ ကြည်လင်းထွက်ဆို
2018.06.29

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့ရ တာဟာ မိမိရဲ့မိသားစု အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေ ရှိခဲ့တာကြောင့်ဖြစ်ကြောင်း သေနတ်သမား ကြည်လင်းက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဦးကိုနီနဲ့ ဦးနေဝင်းတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းအပါအဝင် လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့သူတွေ ကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင် တရားရုံးမှာ မနေ့က ရုံးထုတ်စစ်ဆေးရာမှာ ကြည်လင်းက ထွက်ဆိုခဲ့တာ ဖြစ်တယ်လို့ ဦးကိုနီရဲ့ ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
"ကြည်လင်းကနေပြီးမှ သူဟာ သူ့ရဲ့ အသက်အန္တရာယ်စိုးရိမ်ရတယ်၊ သူ့ကိုသတ်ပစ်မယ် သူ့မိသားစုကို သတ်ပစ်မယ်ဆိုပြီးတော့ ပြောဆိုတာကြောင့် ဆိုပြီးတော့ သူကဒါဟာလုပ်ရတာပါလို့ ထွက်ဆိုတယ်၊ ဆိုလိုတာသူက ကြိုတင်ကြံစည်တာ မဟုတ်ဘူးလို့ သူကထုခြေလွှာတင်တာ သူကတော့ ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှုရယ်လို့တော့ လူနာမည် ပြောပြမသွားဘူး၊ ဒါပေမဲ့ သူ့ရှေ့နေက အမှုစစ်ဆေးနေ စဉ်တုန်းက မြင့်ဆွေဆိုတဲ့နာမည်နဲ့ ခေါ်ပြီးတော့ သက်သေတစ်ယောက် နှစ်ယောက်ကို စစ်ဆေး ပြီးတော့ လမ်းကြောင်းပေးထားတာတော့ရှိတယ်၊ အခုဘယ်သူရယ်လို့တော့ သူသေချာပြောမသွားဘူး"
ဘယ်သူက ခြိမ်းခြောက်စေခိုင်းလို့ လုပ်ကြံခဲ့ရတယ်ဆိုတာ ကြည်လင်းက ထွက်ဆိုတာတော့မရှိဘူးလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြေပါတယ်။ ဒါ့အပြင် ဦးကိုနီကို ကြိုတင်ကြံစည်ပြီး လုပ်ကြံတယ်ဆိုတာမျိုး မဖြစ်အောင် အပြစ်ကနေ လွတ်မြောက်ချင်တဲ့အတွက် အခုလို ထွက်ဆိုတာဖြစ်နိုင်ပေမဲ့ သူရဲ့ထွက်ဆိုချက်ဟာ ခိုင်မာမှုမရှိဘူးလို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ တပ်မတော်အရာရှိဟောင်း အောင်ဝင်းခိုင်တို့ကို ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုနိုင်ဖို့အတွက် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဆက်လက်တင်ပြသွားမယ်လို့လည်း သူက ပြောပါတယ်။
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး တရားခံပြသက်သေ ၅၀ ဦး တင်ပြထားပြီး လာမယ့် ဇူလိုင် ၅ ရက်နေ့ကစလို့ တရားခံပြသက်သေတွေကို စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြည်လင်းက သေနတ်နဲ့ အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့တာဖြစ်ပြီး လိုက်လံဖမ်းဆီးခဲ့သူ တက္ကစီယာဉ်မောင်း ဦးနေဝင်း ကိုလည်း သေနတ်သမားကြည်လင်းက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။