လောက်ကိုင်ကို စစ်ကောင်စီ နှစ်ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား နှစ်ဦး သေဆုံး

တရုတ်- မြန်မာနယ်စပ်က ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီက ဇူလိုင် ၂၃ နဲ့ ၂၄ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ တိုက်ခိုက်ခံရတဲ့ နေရာတွေက အပျက်အစီး ရုပ်သံဖိုင်နဲ့အတူ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂၃ ရက်မနက်အစောပိုင်းက ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်ထဲ ဗုံးနှစ်လုံးကျတာကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ဒီနေ့မနက်အစောပိုင်းကလည်း တိုက်လေယာဉ်နှစ်စီးနဲ့ လူနေရပ်ကွက်ထဲကို ဗုံးလေးလုံးကြဲချခဲ့ရာမှာ နောက်ထပ် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။ ဒီလအတွင်း စစ်ကောင်စီက အခုလို ဗုံးကြဲတိုက်ခိုက်တာ သုံးကြိမ်ရှိပြီလို့လည်း ဆိုပါတယ်။
တုန်ချိန်ရပ်ကွက်၊ ချစ်သူလမ်းကြားကို စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၂ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ တရုတ်လို ခပ်လျှိုဝမ်လို့ ခေါ်တဲ့ ကုမ္ပဏီအပါအဝင် အနီးဝန်းကျင်က ကုမ္ပဏီတချို့ ပျက်စီးသွားတယ်လို့ မြို့တွင်းအခြေအနေကို သိသူတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေပြီး ဗုံးလာလာကြဲတာ။ အရင်ကတော့ အဲ့နေရာက တရုတ်သူဌေးတွေ ကျားဖြန့်ငွေလိမ်ဂိုဏ်းသားတွေ အလုပ်လုပ်တဲ့နေရာ။ ၁၀၂၇ စစ်ဆင်ရေး ဖြစ်တော့ လူတွေမနေတော့ဘူး။ အဲ့မှာနေတဲ့သူတွေက နေရာစွန့်ပြီးပြောင်းသွားကြပြီ”
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က လောက်ကိုင်မြို့၊ တုန်ချိန်ကြိုးတံတားအနီးကို ဗုံးကြဲတိုက်ခိုက်ရာမှာတော့ နေထိုင်သူမရှိတာကြောင့် ထိခိုက်သေဆုံးသူမရှိခဲ့ဘူးလို့ မြို့တွင်းအခြေအနေကို သိသူက ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဇူလိုင်လ ၂၃ ရက်နဲ့ ၂၄ ရက်နှစ်ရက်အတွင်း နှစ်ဖက်တိုက်ပွဲကြား လက်နက်ထိမှန်သေဆုံးတဲ့ အရပ်သား သုံးဦးရှိခဲ့တယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။