စစ်တပ်က ယာယီတပ်ရင်းမှူး အပါအဝင် ရှစ်ယောက်သေဆုံးလို့ KNU ထုတ်ပြန်

2021.10.23
စစ်တပ်က ယာယီတပ်ရင်းမှူး အပါအဝင် ရှစ်ယောက်သေဆုံးလို့ KNU ထုတ်ပြန် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ်
Photo: RFA

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ အောက်တိုဘာ ၂၀ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ယာယီတပ်ရင်းမှူး အပါအဝင် ရှစ်ယောက်သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာ ၂၂ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ (၂၈၃) တပ်ဟာ အောက်တိုဘာ ၂၂ ရက် နေ့က KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ (၆) နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တာပါ။

မွန်ပြည်နယ် ရေးမြို့နယ် (KNU ဝင်းရေးမြို့နယ်) ထဲက ဘုရားသုံးဆူ - သံဖြူဇရပ်ကားလမ်းမပေါ်က သံပုရာရွာ (ပနောကလဲရွာ) နဲ့ ခုံခံရွာကြားမှာ တစ်ကြိမ်၊ သံပုရာရွာ (ပနောကလဲရွာ) နဲ့ အနန်းကွင်းရွာ ကြားမှာတစ်ကြိမ် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ခလရ (၂၈၃) က ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်း အပါအဝင် တပ်ဖွဲ့ဝင် ရှစ်ယောက်သေဆုံးခဲ့ပြီး ခြောက်ယောက် ဒဏ်ရာရခဲ့တယ်လို့ KNU ဘက်က ဖော်ပြထားပါတယ်။ (KNLA) ဘက်ကတော့ အထိအခိုက်၊ ကျဆုံး ရှိ၊ မရှိကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

စစ်တပ်ဘက်က အဲဒီသေဆုံးသူတွေရဲ့ အလောင်းတွေကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်က သင်္ချိုင်းပေါ်မှာ အမှိုက်အိတ်အမဲတွေနဲ့ထုတ်ပြီး စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြို့ဟောင်းရွာနားမှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁၃) လက်အောက်ခံတပ်တွေနဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဘက်က ကိုးယောက်သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။