စစ်ကောင်စီ စခန်းတစ်ခုကို သိမ်းယူခဲ့ကြောင်း KNU ပြော

2021.08.27
စစ်ကောင်စီ စခန်းတစ်ခုကို သိမ်းယူခဲ့ကြောင်း KNU ပြော ကြိတ်စခန်းရှေ့မှာ လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြစဉ်
Photo: ဒူးပလာယာခရိုင်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က ဩဂုတ်လ ၂၆ ရက်နေ့ မနေ့ မနက် ၁၀ နာရီမှာ သိမ်းယူခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။

တပ်မဟာ ၆ တပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (နို့တကောမြို့နယ်)၊ ခုတ်ခွားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ ကာလိခီးစခန်းကို သိမ်းယူခဲ့တာဖြစ်ပြီး ထိခိုက်၊ သေဆုံးမှုကို မသိရှိရသေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတာနီးက RFA ကို ပြောပါတယ်။

"နည်းနည်းထူးလာတာက အရင်တုန်းက မြောက်ပိုင်းဘက်မှာပဲ များတယ်။ အခု အပေါ်ပိုင်းအခြမ်း အထူးသဖြင့် တပ်မဟာ ၆၊ တပ်မဟာ ၇ တို့က ဖြစ်ခဲတယ်လေ တစ်ခါတစ်လေလောက်ပဲ။ ဒါပေမဲ့ အခုကတော့ အင်အားတွေလည်းစုပြီးတော့ လှုပ်ရှားတာတွေ များလာတော့ အများကတွေးထင်ကြသလို တိုက်ပွဲတွေအများကြီး ဖြစ်လာနိုင်တယ်လေ"

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီရဲ့ ကာလိခီးစခန်းမှာ ပြီးခဲ့တဲ့တစ်ပတ်က စစ်ကောင်စီတပ်တွေ တပ်စွဲခဲ့ပြီးနောက် နယ်ခြားစောင့်တပ် (BGF) တွေကျန်ရှိနေချိန်မှာ KNLA က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

အခုလို တပ်စခန်းတစ်ခုကို သိမ်းယူလိုက်တယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးသလို RFA ကလည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက KNU တပ်မဟာ ၂ နယ်မြေ တောင်ငူခရိုင်၊ တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်၊ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်တို့မှာ BGF နဲ့ ပူးတွဲပြီး စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့သလို KNLA နဲ့လည်း တိုက်ပွဲတချို့ ဖြစ်ခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ကရင်ပြည်နယ်ထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိပေမယ့် တိုက်ပွဲဖြစ်ပွားတာ နည်းပါး သွားတယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတာနီးဆီက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။