စစ်ကောင်စီ လက်နက်ကြီးကြောင့် ဆောထိမြို့နယ်က အရပ်သားတစ်ဦးသေဆုံး

2024.05.19
စစ်ကောင်စီ လက်နက်ကြီးကြောင့် ဆောထိမြို့နယ်က အရပ်သားတစ်ဦးသေဆုံး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ဆောထိမြို့နယ်ကို စစ်ကောင်စီတပ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးအပိုင်းအစကို တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ဆောထိမြို့နယ်ကို စစ်ကောင်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က မေ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဆောထိမြို့နယ် ရေဖြူကန်ရွာကို မေလ ၁၆ ရက်နေ့ည ၉ နာရီ ၄၅ မိနစ်မှာ စစ်ကောင်စီတပ် အမှတ် (၂၀) တပ်ကနေ (၈၁-မမ) လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရေဖြူကန်ရွာသား အသက် ၇၂ နှစ်အရွယ် ဦးမြတ်သိန်း ထိမှန်သေဆုံးခဲ့တာလို့ KNU ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အဲဒီနေ့မှာပဲ ရွှေကျင်ဗျူဟာကနေ ည ၁၀ နာရီခွဲကျော်မှာ ပစ်ခတ်ခဲ့တဲ့ (၁၂၀-မမ) လက်နက်ကြီးကျည်ဟာ ကျွန်းတဲစုရွာကို ကျရောက်ပြီး ဒေသခံ အသက် ၆၈ နှစ်အရွယ် ဦးဝင်းတင် လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၂၄၆) ကနေ (၁၂၀-မမ) လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ ညောင်ပင်ကြီးရွာသစ်ထဲကို နှစ်လုံးနဲ့ ကျောက်တန်းရွာအနီးကို နှစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

KNU ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူစုစုပေါင်း ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၈၈၉ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။