လေကြောင်းနဲ့လက်နက်ကြီးကြောင့် KNU နယ်မြေက ဒေသခံ ၁၂၉ ဦးသေဆုံး

RFA Burmese
2023.09.27
လေကြောင်းနဲ့လက်နက်ကြီးကြောင့် KNU နယ်မြေက ဒေသခံ ၁၂၉ ဦးသေဆုံး စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မုန်းမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
KNU

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၂၉ ဦးသေဆုံးပြီး ၄၈၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက် (KPSN) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စက်တင်ဘာလ ၂၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ လေကြေင်းတိုက်ခိုက်မှု ၄၁၇ ကြိမ်ပြုလုပ်ခဲ့လို့ အရပ်သား ၄၁ ဦးသေဆုံးကာ ၁၄၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအပြင် လက်နက်ကြီးနဲ့ ၁၁၇၈ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၈၈ ဦးသေဆုံးပြီး ၃၄၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီစာရင်းတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိပြုစုထားတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

အရပ်သားအများစုဟာ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ KPSN ပြောခွင့်ရသူ စောလေးကပေါက ပြောပါတယ်။

"လက်နက်ကြီး တိုက်ခိုက်မှု များလာတဲ့နေရာတွေမှာ ထိခိုက်၊ သေဆုံးမှု ပိုများတယ်။ ဒါပေမဲ့ တပ်မဟာ ၆ ကော့ကရိတ်လို နေရာတွေမှာ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးတာရှိမှပဲ ထည့်ပေါင်းထားတယ်။ တကယ်တော့ တပ်မဟာ ၆ မှာ လက်နက်ကြီးပစ်တာ များပြီး မှတ်တမ်းတင်နိုင်ဖို့ ခက်ခဲခဲ့တယ်"

ဒီအပြင် လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စာသင်ကျောင်း ၁၉ ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း ၁၅ ခု၊ ဘုန်းကြီးကျောင်း ၁၀ ခုနဲ့ ဆေးခန်း ခြောက်ခုတို့ ပျက်ဆီးခဲ့ရတယ်လို့ KPSN ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်က ဒီတိုက်ခိုက်မှုတွေကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း ပြုလုပ်ခဲ့တာပါ။ KNU ဟာ အဲဒီဒေသတွေမှာ ခရိုင်ခုနစ်ခုခွဲပြီး ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ KNU အကြားတိုက်ပွဲတွေကြောင့် အာဏာမသိမ်းခင် ဒုက္ခသည် ၃၄၇၅၀၃ ဦးရှိရာကနေ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် နောက်ထပ် ဒုက္ခသည် ၂၈၉၀၀၀ ကျော်တိုးလာတဲ့အတွက် KNU ထိန်းချုပ်နယ်မြေအတွင်းမှာ စုစုပေါင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းသုံးသောင်းကျော် (၆၃၇,၄၁၄ ဦး) ရှိလာတယ်လို့ KPSN ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။