KNPP နဲ့ ပြည်နယ်အစိုးရ တေ့ွဆုံ
2018.05.29

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကယားပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီဝင် ၃ ဦး နဲ့ဒေသခံ ၁ ဦးအသတ်ခံရမှုကို အစိုးရတပ်မတော်က ခုံရုံးဖွဲ့စစ်ဆေးနေရာမှာ လူသတ်မှုဖြစ်စဉ်အတွင်း လွတ်မြောက်ခဲ့တဲ့ KNPP တပ်သားတစ်ဦးနဲ့ ဗဟိုကော်မတီဝင်တစ်ဦးကို သက်သေအဖြစ်ထွက်ဆိုပေးဖို့ အစိုးရတပ်မတော်ဘက်က တောင်းဆိုထားပါတယ်။
ဒီနေ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ KNPP ရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံ ရာမှာ သက်သေထွက်ပေးဖို့ တောင်းဆိုထားမှုအပေါ် ဌာနချုပ်ကို တင်ပြပြီး အကြောင်းပြန်မယ်လို့ ပြောခဲ့ကြောင်း KNPP ရဲ့ အတွင်းရေးမှူး (၂) ခူးဒယ်နီယယ် ကပြောပါတယ်။
“ပစ်ခတ်မှုကြားကနေ လွတ်မြောက်လာတဲ့သူ တစ်ယောက်ကျန်မယ်။ နောက်ပြီးတော့မှ ကျနော့်ကို ထွက်ဆိုချက် တစ်စုံတရာပေးဖို့တော့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့နှစ်ယောက် လောလောဆယ် သူတို့ဘက်က ကျနော်တို့ နှစ်ယောက်ကို ထွက်ဆိုပေးဖို့ပြောတယ်။ ထွက်ဆိုဖို့ပဲ ညှိနှိုင်းတယ်။ အဲဒီကြားထဲမှာ ကျနော်တို့က နည်းနည်းပြန်ညှိရမယ်။ ဗဟိုကိုတော့ တင်ပြရမှာပေါ့လေ ထွက်ဆိုဖို့ ကိစ္စတွေကို”
တပ်မတော်က ခုံရုံးဖွဲ့စစ်ဆေးနေရာမှာ စစ်ဆေးရေးအဖွဲ့မှာ KNPP ဘက်က တစ်ဦးတစ်ယောက်မှ မပါဝင်သလို အစိုးရနဲ့ လွှတ်တော်ဘက်ကလည်း မပါဝင်ကြောင်းနဲ့ တပ်မတော်သားတွေသာပါဝင်တယ်လို့ ခူးဒယ်နီယယ် က ပြောပါတယ်။
KNPP ရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ လစဉ် နောက်ဆုံးရက်သတ္တပတ်မှာ တွေ့ဆုံလေ့ရှိပြီး ဒေသဆိုင်ရာကိစ္စရပ်တွေ၊ ကျန်းမာရေး၊ လူမှုရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ညှိနှိုင်းပြောဆိုမှုတွေ ရှိပါတယ်။
ဒီတစ်ကြိမ်တွေ့ဆုံမှုမှာလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို KNPP ဘက်က လက်မှတ်ထိုးနိုင်မလားဆိုတာ အစိုးရဘက်ပိုင်းက မေးမြန်းမှုရှိခဲ့ပြီး KNPP ဘက်က လက်မှတ်ရေးထိုးပြီး အဖွဲ့တွေအနေနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေရှိနေတဲ့အပေါ် ပြန်လည်မေးခွန်းထုတ်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။