အာဏာရှင်စနစ်တော်လှန်ရေး အားလုံးနဲ့ လက်တွဲသွားမယ်လို့ KNPP ပြော

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းဖို့အတွက် ပါတီအနေနဲ့ ကရင်နီ အမျိုးသား တစ်ရပ်လုံးနဲ့တကွ တခြားတိုင်းရင်းသားလူမျိုးတွေ၊ အစုအဖွဲ့တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့ ပြောလိုက်ပါတယ်။
မေလ ၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ထူထောင်တဲ့ (၆၅) နှစ်မြောက်နေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုလိုက်တာပါ။
လူသားချင်းစာနာထောက်ထားမှု အပါအဝင် နိုင်ငံရေး၊ သံတမန်ရေးရာနဲ့ စစ်ရေးတွေကို ရှေ့တန်းတင်ပြီး ဒေသတွင်းမှာရှိတဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ နိုင်ငံတကာက သက်ဆိုင် ရာအစုအဖွဲ့တွေနဲ့လည်း ဆက်စပ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ကို တော်လှန်နေတဲ့ကာလပတ်လုံးမှာ ပါတီအနေနဲ့ လူထုကိုယ်စားပြုပြီး ဆက်လက်ရပ်တည်သွားမယ်လို့ KNPP ပါတီရဲ့ အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်က ပြောပါတယ်။
“ဒီပါတီထူထောင်ထားတာ ၆၅ နှစ်ပြည့်ပြီပေါ့နော်။ ဆက်လက်ပြီးတော့ ကျနော်တို့က ရပ်တည်နေရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းပြည်က မငြိမ်မသက်ဖြစ်နေတုန်း၊ ဒီတော်လှန်ရေးက မငြိမ်မသက်ဖြစ်နေတုန်းမှာ တော်လှန်ရေးရဲ့ ပါတီတစ်ရပ်အနေနဲ့ လူထုကိုယ်စားပြုပြီး ဆက်လက်ရပ်တည်သွားမယ်။ ဒီတိုင်းပြည်က တစ်စုံလုံး ကောင်း သွားပြီဆိုတဲ့အချိန်မှ ဒီပါတီကို ဘယ်လိုလုပ်သင့်လဲဆိုတာတော့ နောက်မှ ကျနော်တို့ ပြန်စဉ်းစားမယ်။ အဲဒါတော့ ကျနော်တို့ လက်ရှိဒီလိုပဲ ရှိနေသေးတာပေါ့နော်”
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဟာ တိုးတက်ဖြစ်ပေါ်ပြောင်းလဲလာတဲ့ နိုင်ငံရေးစီးကြောင်းနဲ့အညီ အမျိုးသားလှုပ်ရှားမှုအားနဲ့ နိုင်ငံရေးအရ ဦးဆောင်မှုပေး သွားမယ့် နိုင်ငံရေးဦးဆောင်ပါတီတစ်ရပ်ရှိဖို့ လိုအပ်တယ်လို့ ကရင်နီတော်လှန်ရေး ခေါင်းဆောင်တွေက ယူဆကြပြီးနောက် ထူထောင်ခဲ့ကြတာလို့ ပါတီရဲ့ ဒီနေ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
၁၉၄၈ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ စတင်လိုက်တဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေက ၁၉၅၇ ခုနှစ် မေလ ၂ ရက်နေ့မှာ ကရင်နီပြည် လိုပွာခိုခရိုင်၊ ပိုဝေါ်မြို့နယ်၊ ဟီလူ (ကသိုးခီး) ရွာမှာ (KNPP) ကို စတင်တည်ထောင်ခဲ့ကြတာပါ။
ပါတီကို စတင်တည်ထောင်ချိန်က ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးတစ်ဦး၊ ဗဟိုကော်မတီဝင် ငါးဦး၊ အရန်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးနဲ့ စတင်တည်ထောင်ခဲ့ကြတာလည်း ဖြစ်ပါ တယ်။
KNPP ကရင်နီအမျိုးသားခုခံတော်လှန်ရေး ပါတီတစ်ရပ်ဖြစ်တဲ့အတွက် အမျိုးသားတန်းတူ ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီတို့အတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးပါတီဖြစ်ပြီး တော်လှန်ရေးကာလတစ်လျှောက် လုံးမှာလည်း ပြည်သူတွေအတွက် အရေးပါတဲ့ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့စီမံအုပ်ချုပ်မှုကဏ္ဍတွေ ဆောင်ရွက်နေတယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။