ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီတပ် အင်အားရာနဲ့ချီပြီး ဖြည့်တင်းနေ

ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီဘက်က အခု ရက်အနည်းငယ်အတွင်း စစ် အင်အား ၄၀၀ ကျော်လောက်အထိ ဖြည့်တင်းပြီး ထိုးစစ်အတွက် အသင့်အနေအထား ပြင်ဆင်လာတယ်လို့ ကရင်နီပြည်နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့ အစည်း တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
ဩဂုတ်လဆန်းပိုင်းကစလို့ ကရင်နီနဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲနဲ့ ဖယ်ခုံဘက်ကနေ ကရင်နီ ပြည်နယ် အတွင်းပိုင်းမှာရှိတဲ့ ဒီးမော့ဆိုမြို့ နယ်ထဲကို စစ်အင်အား ၂၀၀ ကျော်နဲ့ နှစ်ကြိမ် ဝင်ရောက်လာပြီး၊ ရှားတောမြို့နယ်ထဲကိုလည်း ဩဂုတ်လ ၁၈ ရက် မနေ့က တင့်ကားတွေ ပါဝင်တဲ့ စစ်ယာဉ်တန်းတွေနဲ့ အင်အား ထပ်မံဖြည့်တင်းလာတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO local PDF) ပြန်ကြားရေးတာဝန်ခံ ကိုကယန်း က ပြောပါတယ်။
အရင်က မြို့ပြတိုက်ပွဲတွေ ပြင်းထန်ပြီး တစ်မြို့လုံးနီးပါး ထွက်ပြေးခဲ့ရတဲ့ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီးမှာဆိုရင် အခုလက်ရှိမှာ စစ်အင်အား ၂၀၀ လောက် အထိချထားပြီး၊ မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ် မူလစခန်းတွေမှာလည်း အင်အားရာနဲ့ချီပြီး ထပ်မံဖြည့်တင်းနေတာလို့ ဆိုပါတယ်။
လက်နက်ကိုင်ခုခံမှု ပြင်းထန်တဲ့ ဖရူဆိုမြို့နယ်ထဲမှာလည်း စစ်ကောင်စီက အထိုင်တပ်တွေ အပြင် တင့်ကားနဲ့ ဒရုန်းတွေကိုပါ အင်အားထပ်ဖြည့်ထားတယ်လို့ (DMO local PDF) ပြန်ကြားရေးတာဝန်ခံ ကိုကယန်း က RFA ကို ပြောပါတယ်။
“စစ်ရေးအရ ကြည့်မယ်ဆိုရင် နေရာအတော်များများမှာ အရင်ထက်ပိုပြီး စစ်ရေးလှုပ် ရှားမှု ပိုများလာတဲ့ သဘောပေါ့နော်။ ဖရူဆိုမြို့နယ်အတွင်းမှာဆို အထိုင်တပ်တွေမှာ တင့်ကားသုံးလေးစီးလောက် စတန်းဘိုင်ထား ထားတယ်၊ ဒရုန်းတွေလည်း ထား ထားတယ်လို့ ကျနော်တို့ သတင်းရထားတယ်”
ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ် ခမရ ၅၃၁ နဲ့ အမှတ် ၁၂ တန်းမြင့် လေ့ကျင့်ရေးကျောင်း က စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းအင်အားနဲ့ ထိုးစစ်ဆင်နေပြီး ယခင်ကတည်းက ကယား ပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေကလည်း မြေပြင်မှာ စစ်ရေးပိုပြင်လာတာ တွေ့ရတယ်လို့ ဒေသအခြေစိုက် ကရင်နီကာကွယ်ရေးတပ်ဖွဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်မှာ အကျအဆုံးများပြီး လူထုထောက်ခံမှုလည်း မရှိတဲ့အတွက် ဖရိုဖရဲဖြစ်နေတဲ့ သူတို့တပ်တွေကို ပြန်ထိန်းနိုင်ဖို့နဲ့ နယ်မြေစိုးမိုးမှု ရဖို့ လုပ်နေတာလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူက RFA ကို ပြောပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ညွှန်ကြားရေးမှူး ကိုဗညား ကတော့ စစ်ကောင်စီက လာမယ့် ၂၀၂၃ မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတာကြောင့် လက်နက်ကိုင်ခုခံမှု ပြင်းထန်တဲ့ ကရင်နီပြည်နယ်ရဲ့ အဓိကကျတဲ့ မြို့နယ်တွေကို ထိန်း ချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ မှတ်ချက်ပေးပါတယ်။
“အခါတိုင်းနှစ်တွေဆိုရင် မိုးတွင်းမှာ သူတို့ အင်အားဖြည့်တာမလုပ်ဘဲ ထိုးစစ်ရပ်တာ များတယ်။ အခု သူတို့ အင်အားဖြည့်ပြီး နယ်မြေချဲ့ချင်တဲ့ အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းကြည့်ရင် လာမယ့် ၂၀၂၃ ရွေးကောက်ပွဲနဲ့ ဆက်စပ်နိုင်မလားပေါ့။ မြေပြင် အသာစီးရနေပြီ၊ ငါတို့ ရွေးကောက်ပွဲလုပ်နိုင်တယ်၊ အနိုင်ရတဲ့ပါတီကို အာဏာလွှဲမယ် ဆိုတဲ့ နိုင်ငံရေးအရ တရားဝင်မှုကို ရဖို့ပေါ့။ ကယားပြည်နယ်မှာဆိုရင် မြို့တော် လွိုင်ကော်နဲ့ ဒီးမော့ဆိုလို အရေးပါတဲ့ နေရာတွေကို ထိန်းထားနိုင်ဖို့ အခုလို လုပ်နေ တာလို့ မြင်တယ်”
ဒီးမော့ဆိုမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း မြင်ပြင်တောတွေမှာ မြို့ပေါ်ကနေ ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် ထောင်နဲ့ချီ ရှိနေပြီး တိုက်ပွဲတွေဖြစ်လာရင် ဒုက္ခသည်တွေ သေဆုံးထိခိုက် ဖြစ်နိုင်တဲ့အပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှာကို စိုးရိမ်မိတယ်လို့ လည်း ကိုဗညားက ပြောပါတယ်။
လက်ရှိ ကယားပြည်နယ်အတွင်းက စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ကယားပြည်နယ်ရဲ့ စစ်ကောင်စီအဖွဲ့ ပြောခွင့်ရ ဦးအောင်ဝင်းဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အလုပ် မအားသေးတဲ့အတွက် မဖြေကြားနိုင်သေးဘူးလို့ ငြင်းဆိုပါတယ်။
ကရင်နီပြည်နယ်တစ်ခုလုံးမှာ စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ သြဂုတ်လ ၁၅ ရက်နေ့ အထိ တိုက်ပွဲပေါင်း အကြိမ် ၄၂၀ ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၄၉ ဦး၊ စစ်ကောင်စီတပ်ဘက်က ၁၃၀၆ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဩဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
ကရင်နီပြည်နယ် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ တိုက်ပွဲတွေကြောင့် ၂၀၂၂ ဩဂုတ်လ ၁ ရက်နေ့အထိ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း ကယားပြည်နယ်တစ်ခုလုံး မှာ ဒေသခံ အရပ်သား ၃၀၀ နီးပါး သေဆုံးခဲ့ပြီး နှစ်သိန်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။