KNPLF တပ်ဖွဲ့ဝင်ကိုးဦးနဲ့ ဒေသခံနှစ်ဦးအသတ်ခံရမှု သုံးဖွဲ့ပေါင်းစစ်ဆေးမယ်လို့ KNPP ပြော

RFA Burmese
2022.12.25
KNPLF တပ်ဖွဲ့ဝင်ကိုးဦးနဲ့ ဒေသခံနှစ်ဦးအသတ်ခံရမှု သုံးဖွဲ့ပေါင်းစစ်ဆေးမယ်လို့ KNPP ပြော ကရင်နီတပ်မတော် တပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်ကတွေ့ရစဉ်။
KNPP

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF) တပ်ဖွဲ့ဝင်ကိုးဦးနဲ့ ဒေသခံနှစ်ဦး စုစုပေါင်း ၁၁ ဦး သတ်ဖြတ်ခံရမှုအတွက် KNPLF အပါအဝင် ကရင်နီ တပ်မတော်(KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ (KNDF) တို့ ပူးပေါင်း စစ်ဆေးမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ဒီဇင်ဘာ ၂၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က ကယားပြည်နယ်၊ ရွာသစ်မြို့နယ်ခွဲ ဟွေအောရွာ အနီးမှာ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) တပ်ဖွဲ့ဝင် ကိုးဦးနဲ့ ဒေသခံနှစ်ဦးကို ကရင်နီတပ်မတော် (KA) တပ်ရင်း-၂ နဲ့ KNDF တပ်ရင်း-၂၁ တို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ KNPLF ဘက်ကဆိုပါတယ်။

KNPLF တပ်ဖွဲ့ဝင်တွေ ဖြတ်သန်းသွားလာဖို့ အဲဒီတပ်ရင်းနှစ်ခုစလုံးကို အကြောင်း ကြားခဲ့ပေမယ့် လမ်းမပေါ်မှာ သစ်လုံးနဲ့ပိတ်ဆို့ပြီး မော်တော်ယာဉ်ကို ပစ်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်ခြောက်ဦးနဲ့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်သုံးဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ KNPLF က ဒီဇင်ဘာလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို သတ်ဖြတ်ခံရမှုအတွက် KA တပ်ရင်း-၂ အနေနဲ့ တရားမျှတမှုရှိဖို့နဲ့တာဝန်ခံဖို့ KNPLF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကတော့ ကရင်နီတပ်မတော်(KA) တစ်ဖွဲ့တည်းကိုပဲ မမှန်မကန် စွပ်စွဲပြောဆိုတာ မဖြစ်သင့်ဘူးလို့ တုံ့ပြန်ထားပါတယ်။

ဒါကြောင့် လက်နက်ကိုင်အဖွဲ့သုံးဖွဲ့က ကိုယ်စားလှယ်တွေပါတဲ့ ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းပြီး ဖြေရှင်းမယ်လို့ KNPP ရဲ့ ဒီဇင်ဘာလ ၂၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဌာနချုပ်နဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့(KNDF) ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရသေးပါဘူး။

KNDF ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေသလို KNDF တပ်ရင်း-၂၁ အနေနဲ့လည်း တိုက်ခိုက်မှု ကိစ္စအသေးစိတ်ကို အမြန်ဆုံးတင်ပြဖို့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ စာထုတ်ပြန်ပြီး ညွှန်ကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။