KNPP နဲ့ ငြိမ်းချမ်းရေးကော်မရှင် အလွတ်သဘောတေ့ွဆုံ


2018.03.07
knpp-pc-622.jpg KNPP နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ်သဘော တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ကျင်းပစဉ်
Photo: Peace Commission - facebook

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပခင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တရားဝင်တွေ့ဆုံဆွေးနွေးဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က အစိုးရထံ အဆိုပြုလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ KNPP နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ်သဘော တွေ့ဆုံစဉ်မှာ အဆိုပြု ညှိနှိုင်းထားတာဖြစ်တယ်လို့ KNPP ဒုတိယဥက္ကဌ ခူးဦးရယ် က ပြောပါတယ်။

"တရားဝင်တွေ့ဆုံဆွေးနွေးမှု လုပ်မယ်ဆိုလို့ရှိရင်တော့ ဒီရန်ကုန်မှာမဟုတ်ဘဲ ကရင်နီ ကယားပြည်နယ် မြို့တော်ဖြစ်တဲ့ လွိုင်ကော်မှာပဲ တရားဝင်တွေ့ဆုံမှုပြုလုပ်သွားဖို့ ကျနော်တို့စိတ်ကူးထားပါတယ်၊ ဘာကြောင့်လဲ ဆိုရင် ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်က အစိုးရအရာရှိများ၊ တပ်မတော်အကြီးအကဲများ ပါဝင်ပြီးတော့ ဆွေးနွေးခြင်း၊ နားထောင်ခြင်း၊ သိရှိခြင်း အဲလိုပါမှပဲ ကျနော်တို့ သဘောတူညီချက်တွေ ရလာမယ်ဆိုလို့ရှိရင် ဒီသဘောတူညီချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ အခင်းအကျင်းရောက်လာလို့ရှိရင် သူတို့ ဘာမှညွှန်ကြားနေစရာမလိုပဲနဲ့ အလိုလိုအဆင်ပြေပြေနဲ့ ဘယ်လိုတာဝန်ယူရမယ် တာဝန်ခံရမယ် ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ဟာကို ကျနော်တို့ သိနှင့်ပြီးသားဖြစ်လိမ့်မယ်လို့ ကျနော်တို့က အဲလိုအမြင်ရှိလို့ပဲ လွိုင်ကော်မှာကျင်းပဖို့ အဆိုပြုခဲ့တာဖြစ်ပါတယ်"

ဒီကနေ့ တွေ့ဆုံပွဲဟာ အလွတ်သဘော တွေ့ဆုံတာဖြစ်ပြီး NCA လက်မှတ်ထိုးရေး မထိုးရေးကိုတော့ တရားဝင် တွေ့ဆုံဆွေးနွေးပြီးမှသာ သဘောတူညီချက်တွေကို အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

NCA စာချုပ်လက်မှတ်ထိုးဖို့အတွက် UNFC က အဆိုပြုထားတဲ့ အချက် ၈ ချက်အပြင် အရင်က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးခဲ့ကြတဲ့ နှစ်ဖက်သဘောတူညီချက်တွေကို ခိုင်မာအောင် အကောင်အထည်ဖော် ဖို့ ဒီကနေ့ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

အစိုးရ အပြောင်းအလဲကာလအတွင်း NCA လက်မှတ်ရေးထိုးဖို့ ဆွေးနွေးချိန်မှာ တပ်မတော်ဘက်က အရာရှိတွေနဲ့ အစိုးရဘက်က တာဝန်ရှိသူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အချိတ်အဆက် နည်းလာတာ တွေရှိတဲ့အတွက် ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း အကောင်အထည်ဖော်တဲ့ အချိန်မှာ နားလည်မှု မပြည့်ဝသလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကယားပြည်နယ် ရှားတောမြို့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးကို လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်မှာရှိတဲ့ တပ်မတော်သား တွေက သတ်လိုက်တာနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးတာ မရှိပေမယ့် KNPP ဘက်က လုပ်ဆောင်ချက်တွေ ကိုတော့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ခူးဦးရယ်က ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့အကြား NCA လက်မှတ်ထိုးဖို့ ဆွေးနွေးစဉ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် နှစ်ဖက်တွေ့ဆုံတာဖြစ်ပြီး ပြည်နယ်အဆင့် လက်မှတ်ထိုးခဲ့တဲ့ ၆ နှစ်မြောက်အချိန်လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။