KNPP နှင့် ၈၈ ကျောင်းသားများအဖွဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်
2012.09.11

ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အချက် ၆ ချက် ပါဝင်ပါတယ်။ အဲဒီအထဲမှာ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူ ညီမျှခြင်းများကို အာမခံချက်ပေးပြီး တိုင်းရင်းသား အားလုံး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်အတွက် လက်တွဲ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲများ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က စစ်ပွဲများ ချက်ခြင်းရပ်ပြီး နိုင်ငံရေး အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဆွေးနွေးပွဲမှာ KNPP အဖွဲ့က ဦးဆောင်သူ ခူးဒယ်နီရယ်က ငြိမ်းချမ်းရေးအတွက် အစိုးရဲ့ စစ်တပ်ဟာ အရေးကြီးဆုံးဖြစ်တယ်လို့ ပြောပါတယ်။
"တပ်ကိစ္စပေါ့။ တပ်နဲ့ အဖွဲ့အစည်းနဲ့ နောက် အစိုးရအဖွဲ့နဲ့ သေချာသဘောတူညီမှု ရှိဖို့လိုတယ်။ တပ်ဆိုတာက ဒီအစိုးရနဲ့ ဦးဆောင်တဲ့ ညွှန်ကြားချက်မျိုးကို တပ်က လိုက်နာသင့်တယ်။ စသဖြင့်ပေါ့လေ။ အဲဒါမျိုး လိုအပ်နေပါတယ်။ အဓိကကတော့ တပ်ပြဿနာပါပဲ"
အလားတူ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် အဖွဲ့ပေါင်းစုံ လက်တွဲဆောင်ရွက်ကြဖို့ အဓိက ဖြစ်တယ်လို့လည်း KNPP အဖွဲ့က ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ ၈၈ ကျောင်းသားများအဖွဲ့က ကိုမြအေး ဦးဆောင်ပြီး KNPP အဖွဲ့က ဗဟိုကော်မတီဝင် ဆက်ဆံရေးတာဝန်ခံ ခူးဒယ်နီရယ် ဦးဆောင်ဆွေးနွေးတာ ဖြစ်ပါတယ်။