လောပိတ ရေလျှံထိန်းလုံခြုံရေး ရဲအရာရှိနဲ့ တပ်သား ရှစ်ဦးကို KNDF ဖမ်းဆီး

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ်က လောပိတ ရေလျှံထိန်း လုံခြုံရေးရဲကင်း မှာ တာဝန်ကျနေတဲ့ ရဲအရာရှိနဲ့ တပ်သား ရှစ်ဦးကို ဖမ်းဆီးထားကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မေလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဧပြီလ ၂၉ ရက်နေ့ ညသန်းခေါင်အချိန်မှာ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးထားတာလို့ KNDF ရဲ့ အမှတ် (၁၀) တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လောပိတ ရေလျှံထိန်းလုံခြုံရေးကင်းပေါ့။ အဲဒါ ကျနော်တို့က ဝင်တဲ့အချိန် သူတို့ ကင်းလှည့်နေတဲ့ နှစ်ယောက် တွေ့တယ်။ သူတို့နဲ့တိုးတော့ တစ်ခါတည်း အညံ့ခံ ခိုင်းလိုက်တယ်။ သူ့ဗိုလ်တစ်ယောက်ကတော့ ကျနော်တို့ကို ပြန်ခုခံဖို့လုပ်သေးတယ်။ ကျနော်တို့အကုန်လုံး ဝိုင်းထားပြီးပြီလို့ အညံ့ခံဖို့ပြောလိုက်တာ။ သူလည်း လက်မြှောက်ပြီး ထွက်လာခဲ့တာ”
ဖမ်းဆီးရမိတဲ့ ဒုရဲအုပ်တစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း ရှစ်ဦးကို သေနတ် ရှစ်လက်၊ ကျည်ဆန်အချို့ နဲ့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ သူတို့ကို အရေးယူဆောင်ရွက်ဖို့ ကရင်နီပြည်ရဲဌာန KSP ကို လွှဲအပ်ထားတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက် ကမ်းမှာ လျှပ်စစ်တာဝါ တိုင်ပြင်ဖို့ဆိုပြီး ရောက်လာတဲ့ စစ်ကောင်စီတပ် အရာရှိနှစ်ဦးနဲ့ လျှပ်စစ်ဝန်ထမ်း စုစုပေါင်း ၂၆ ဦးကို KNDF က ဖမ်းဆီးထားပြီးတော့ ကရင်နီပြည်ထဲရေး ဌာန KSP ထံ လွှဲပြောင်းထားပါတယ်။
အခုလိုဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်နေပေမယ့် ညနေ ၃ နာရီလောက်အထိ အကြောင်းမပြန်သေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်တွေက ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကနေ ဒေါငံခါးနဲ့ ခေါက်ပလော့ကျေးရွာအထိ၊ ဖရူဆိုမြို့နယ် ထားလဲကနေ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအထိနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ကနေ ကရင်နီ ပြည်နယ်ဘက်ကို စစ်မော်တော်ယာဥ် ၃၀ နဲ့ စစ်ကြောင်းထိုးလာတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီကာလအတွင်း ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် တိုက်ခိုက်မှု တွေထဲမှာ စစ်ကောင်စီတပ်ဘက်က ၂၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ဒီးမော့ဆိုမြို့နယ်၊ ဒေါခမီးတိုက်ပွဲအတွင်းမှာ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင် ခြင်းမရှိပါဘူး။
ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခု နှစ် ဧပြီလ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၇၄ ကြိမ်အထိ ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁၈ ကြိမ် အထိ ရှိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု စာရင်းအရ သိရပါတယ်။