KIO ပွဲတိုက်ခိုက်ခံရမှု နောက်ဆက်တွဲအခြေအနေ စောင့်ကြည့်နေကြောင်း UWSA ထုတ်ပြန်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ပတ်လည်နေ့ ဂီတဖျော်ဖြေပွဲ တိုက်ခိုက်ခံရပြီး နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတစ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ဟာ အံ့ဩတုန်လှုပ်ဖို့ကောင်းပြီး၊ အသက်ဆုံးရှုံးရတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် နှမျောရတယ်လို့လည်း ဆိုပါတယ်။
အသက်ပေါင်းများစွာ သေဆုံးစေတဲ့ ထိပ်တိုက်လက်နက်ကိုင် ရင်ဆိုင်တိုက်ပွဲတွေကို ရှောင်ကြဖို့နဲ့၊ မျိုးရိုးစဉ်ဆက် ရန်ငြိုးထားတာတွေကို ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းရမယ်လို့လည်း UWSA ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
တိုက်ခိုက်မှုတွေကြား အပြစ်မဲ့ပြည်သူတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ ထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံးကာကွယ်ကြဖို့လည်း UWSA က တိုက်တွန်းထားပါတယ်။
တိုက်ခိုက်မှုဖြစ်တဲ့ နောက်တစ်နေ့မှာပဲ နိုင်ငံတကာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တော်တော်များများက စစ်ကောင်စီရဲ့ လုပ်ရပ်ကိုရှုတ်ချခဲ့ကြပေမယ့် UWSA အဖွဲ့ကတော့ ငါးရက်ကြာမှ ဝမ်းနည်းကြောင်း ထုတ်ပြန်တာဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရခိုင့်တပ်တော် (AA) တို့က တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စည်းစည်းလုံးလုံးနဲ့ လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသားလုပ်ဖို့ အချိန်တန်ပြီလို့ ပူးပေါင်းကြေညာချက်ထုတ်ထားပါတယ်။