ပဲခူးနဲ့ မန္တလေးမှာ စစ်မှုထမ်းဥပဒေကို ကူညီနေတဲ့ ရာအိမ်မှူးသုံးဦး ပစ်သတ်ခံရ
2024.04.20
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေကို မဲနှိုက်ဖို့စည်းရုံးနေတဲ့ စစ်ကောင်စီခန့် ရာအိမ်မှူးနှစ်ဦး ဧပြီလ ၁၉ ရက်နေ့မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နတ်စင်ကုန်းရွာ ရာအိမ်မှူး ဦးနိုင်အောင်ဇင်နဲ့ ကဲလင်းကုန်းရွာ ရာအိမ်မှူး ဦးသောင်းနိုင်ဦးတို့ကို နတ်စင်ကုန်းရွာအနားမှာပဲ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေ အကောင်ထည်ဖို့ ကြိုးပမ်းနေတာကြေင့် ပစ်သတ်ခံရတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေတာရှည် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကတော့ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖို့နဲ့ လူငယ်တွေကိုမဲနှိုက်ဖို့ စည်းရုံးခြိမ်းခြောက်နေတဲ့ ရာအိမ်မှူးတွေပေါ့။ ပဲခူးမှာက ဒုတိယအသုတ်အတွက်တောင် မဲတွေပြန်နှိုက်ခိုင်းနေပြီ။ တခြားနေရာတွေမှာဆိုရင် လူငယ်တွေကို စစ်မှုထမ်းဖို့ဆိုပြီး လာဖမ်းသွားတယ်လို့ ကြားတယ်”
ကြို့ပင်ကောက်မြို့နယ် မျက်နီကွင်းရွာက အမျိူးသား လေးဦးကိုလည်း ဒုတိယအသုတ် စစ်မှုထမ်းဖို့ဆိုပြီး ဧပြီလ ၁၈ ရက်နေ့ ညမှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၁၈ ရက်နေ့ကစပြီး ပဲခူးတိုင်းအနောက်ခြမ်းက ပေါင်းတည်၊ မိုးညို၊ အုတ်ဖိုနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ ဒုတိယအသုတ် စစ်မှုထမ်းဖို့ဆိုပြီး အမျိုးသား လေးဆယ်ဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဧပြီလ ၁၉ ရက်နေ့မှာပဲ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ ရာအိမ်မှူး ဦးမောင်စိုးကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးနဲ့ မန္တလေးတိုင်း စီးပွားရေးဝန်ကြီး ဦးသိန်းဌေးတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။