ဆွမ်ပရာဘွမ်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ဆယ်ခုကျော်ကို KIA သိမ်းယူ

RFA Burmese
2024.05.06
ဆွမ်ပရာဘွမ်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ဆယ်ခုကျော်ကို KIA သိမ်းယူ ဆွမ်ပရာဘွမ်မြို့ရှိ ခလရ-၄၆ စခန်းကို ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ သိမ်းပိုက်ပြီး အလံလွှင့်ထူနေစဉ်။
Kachin New Group

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့အပါအဝင် ကချင်ပြည်နယ်က တပ်စခန်း ဆယ်ခုထက်မနည်းကို မေလ ၅ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့အပြင် ၀ိုင်းမော်မြို့နယ်က တပ်စခန်းအများစုကို သိမ်းယူနိုင်ခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“အခု ဆွမ်ပရာဘွမ်က အကုန်လုံး ကျွန်တော်တို့ KIA လက်ထဲရောက်သွားပါပြီ။ နောက် ဝိုင်းမော်မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာကျတဲ့ ကဂမ်၊ ဆမာ၊ နောက်ပြီးတော့ ကာကင်းစခန်းတွေပါတယ်။ အူခိုင်ခက်၊ ရှန်ခေါင်တောင် အဲဒါတွေပါတယ်။ တော်တော်များများကို သိမ်းရပြီ။ ဆက်ပြီးတော့ သိမ်းရမယ့်နေရာတွေလည်း ရှိပါတယ်”

မနေ့ကတစ်ရက်တည်း သိမ်းယူခဲ့တဲ့ တပ်စခန်းတွေက ဆွမ်ပရာဘွမ်မြို့က ခလရ-၄၆၊ မံစီမြို့နယ်က ခမရ -၃၁၉ နဲ့ မိုးမောက်မြို့နယ်က ခမရ-၄၃၈ လက်အောက်ခံတပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တာလို့ KIA သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်မှုရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘိုနဲ့ ဆွမ်ပရာဘွမ်မြို့တွေအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ရှစ်ဆယ်ကျော်ကို သိမ်းပိုက်ထားတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။