လိုင်ဇာနဲ့ မိုးမောက်က တပ်စခန်း ခြောက်ဆယ်နီးပါးကို သိမ်းယူထားကြောင်း KIA ပြော
2024.03.30

ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးနဲ့ မိုးမောက်မြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ခြောက်ဆယ်နီးပါးကို သိမ်းယူထားနိုင်ပြီလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA ပူးပေါင်းအဖွဲ့ဟာ ၂၀၂၄ ခုနှစ် မတ် ၇ ရက်ကစလို့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
သုံးပတ်ကျော်အတွင်း လိုင်ဇာတစ်ဝိုက်နဲ့ လိုင်ဇာ-မိုးမောက် ကားလမ်းတစ်လျှောက်က တပ်စခန်းအကုန်လုံးနီးပါးကို သိမ်းယူနိုင်ခဲ့သလို ဗန်းမော်-လွယ်ဂျယ် ကားလမ်းမပေါ်က ယောယုံဗျူဟာကုန်းအပါအဝင် တပ်စခန်း ခြောက်ခုကိုလည်း သိမ်းယူထားတယ်လို့ KIA က ပြောပါတယ်။
လက်ရှိမှာ လွယ်ဂျယ် ကားလမ်းတစ်လျှောက် တပ်စခန်းတွေကို သိမ်းယူထားပေမယ့် တရုတ်နယ်စပ်ဖြစ်လို့ မြို့ကိုသိမ်းယူဖို့ ချင့်ချိန်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“လွယ်ဂျယ်ကိုတော့ ကျွန်တော်တို့ဘက်က ဝင်တိုက်တာလည်း မရှိဘူး။ လွယ်ဂျယ်မြို့မှာ နဂိုပုံစံအတိုင်းပဲ ဝန်ထမ်းတွေ အကုန်ရှိသေးတယ်။ တရားဝင် တရုတ်အစိုးရနဲ့ မြန်မာအစိုးရ သဘောတူထားတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဆိုတာကို ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အဲဒါကြောင့် လွယ်ဂျယ်နဲ့ပတ်သက်ပြီး ချင့်ချိန်နေရတယ်”
KIA ဟာ ဌာနချုပ် လိုင်ဇာနဲ့ မိုင်ဂျာယန်ကိုခြိမ်းခြောက်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူထားတာဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ကချင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိကချင်ပြည်နယ်မှာ စစ်ကောင်စီအတွက် စစ်ရေးအရအရေးပါတဲ့ တပ်စခန်းတွေနဲ့ဗျူဟာကုန်းတွေကို KIA ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၂၇ ရက်နေ့ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ မတ်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာကြောင့် မြို့နယ်ဆယ်ခုက လူပေါင်း ၁၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။