ဖမ်းထားတဲ့ ရဲသား ၃ ဦး KIA ပြန်လည်လွှတ်ပေး
2015.01.19

ကေအိုင်အေ တပ်မဟာ ၂လက်အောက်ခံ တပ်ရင်း ၆ က ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ ဒီနေ့ လွှဲပြောင်းပေး လိုက်ပါတယ်။
ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ထိန်းသိမ်းထားတဲ့ ဖားကန့်မြို့နယ် ဂျာလယန်ရွာအနီးက တပ်ရင်း၆ရဲ့ တပ်စခန်းမှာ သွားရောက်ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
"လက်ခံရရှိပါပြီခင်ဗျ၊ သူတို့ထိန်းသိမ်းထားတဲ့နေရာ မှာတွေ့လို့ အခုကျနော်တို့ လက်ခံနေပြီဗျ၊ လက်ခံပြီး မှ ကျနော်တို့ပြန်လာတော့မယ်ဗျ၊ ကျန်းကျန်းမာ မာ အေးအေးဆေးဆေးပါပဲ၊ သူတို့ဒီမှာ TV တွေ ဘာတွေကြည့်နေကြတယ် သူတို့အဖွဲ့တွေ၊ လက်ခံ ရရှိတဲ့အချိန်မှာ တပ်ကြပ်စိုင်းခွန်လတ်ရယ်၊ နောက် တစ်ယောက်က ဒုတပ်ကြပ် ဇော်ဝင်းထွန်းဗျ၊ ကျနော်တို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က အစိုးရနဲ့ KIA ကြားမှာပေါ့၊ အဆင်ပြေဖို့အတွက်ဆို ဘယ် အချိန်၊ ဘယ်အခါပဲဖြစ်ဖြစ် သွားရောက်ခေါ်ယူပြီး ဒါမျိုးကူညီဖို့ အဆင့်သင့်ပါပဲ"
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့အတူ လိုက်ပါခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ဦးကို မိုးညှင်းခရိုင် ဖားကန့်မြို့ နယ် ဝှေခါ-ဝေလုံ တောင်ကြောပေါ်မှာ ဒီလ ၁၄ ရက်နေ့က ကေအိုင်အေ တပ်ရင်း ၆ တပ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်တွေက ဖားကန့်ဒေသအခြေစိုက် အစိုးရတပ်မ ၆၆ တပ်မမှူးနဲ့ တွေ့ဆုံခဲ့ပြီး အစိုးရနဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ကျေးရွာ ၃ရွာက ဒေသခံ ၂၀၀၀ ကျော်ကို ကူညီဖို့ အတွက် ဆွေးနွေးခဲ့ပါတယ်။
ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားပါတယ်။