မြေသယ်ယာဉ် ၉ စီးကို ကေအိုင်အေ မီးရှို့ဖျက်ဆီး


2017.12.17
pharkant-machin-622.jpg ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ခွန်ဆိုင်ယန်ရွာအနီး တနိုင်းလီဒိုလမ်းမပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ က ကေအိုင်အေလက်နက်ကိုင်အဖွဲ့ က ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေရဲ့ မြေသယ်ယာဉ် ၉ စီးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်း က ဒီနေ့ ပြောပါတယ်။

ကေအိုင်အေက မြေသယ်ယာဉ် ၁၁ စီးထဲက ၉ စီးကို မီးရှို့ဖျက်ဆီးပြီး လူ ၁၃ ယောက်ကို ဖမ်းဆီးသွားပေမယ့် ပြန် လွှတ်ပေးတယ်လို့ ရဲမှူးကြီး လွင်မောင်သိန်း က ပြောပါတယ်။

"ကား ၁၁ စီးအနက် ၉ စီးကို မီးရှို့ပြီးတော့မှ ၁၃ ယောက်ကို ဒီကေအိုင်အေ အဖွဲ့ကလည်း သောင်းကျန်းသူ သူတို့ခေါ်သွားခဲ့တဲ့ နေရာကိုပဲ ပြန်ပို့ပေးခဲ့တယ်။ အဲဒီသူတို့ ကား ၂ စီးနဲ့ပေါ့ ပြန်လွတ်လိုက်တော့ သူတို့ပြန်ရောက်လာတဲ့အခါကြတော့ ကားတွေက သူတို့ခေါ်သွားတဲ့ နေရာမှာ မီးရှို့ထားတာတွေ့ရတယ်လို့ အကြမ်းဖျဉ်းသိရတယ်။ သူတို့ကို ကျနော်တို့ နယ်မြေခံတပ်နဲ့ ရဲကလည်း အဲဒီ အချက်အလက်တွေ စစ်တုန်းပဲ"

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး KIA ရဲ့ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက တပ်မတော်က စစ်သည်တွေနဲ့ ရိက္ခာတွေကို တပ်ပိုင်ကားတွေနဲ့ သယ်ယူပို့ဆောင်တာမလုပ်ဘဲ အရပ်သားပိုင်ကား တွေကို အသုံးပြုတဲ့အတွက် အခုလို မီးရှို့မှုဖြစ်တာဖြစ်တယ်လို့ ပြောပါတယ်။

"တပ်မတော်က သူတို့ရဲ့တပ်ပိုင်ကားတွေနဲ့ သူတို့ရဲ့ တပ်အင်အားတွေကို နောက်ပြီးတော့ စားနပ်ရိက္ခာတွေကို သယ်ယူပို့ဆောင်တာ မရှိဘဲနဲ့ မဟုတ်ဘဲနဲ့ အရပ်သားပေါ့။ အရပ်ကားတွေကို ဆွဲသုံးပြီးမှ တပ်အင်အားတွေ တင်ကြတယ်။ နောက် စားနပ်ရိက္ခာတွေ တင်ကြတာရှိတယ်။ အဲဒါကြောင့် အခုလိုမျိုးဖြစ်တယ်လို့ ကျနော်ကတော့ တုန့်ပြန်လိုပါတယ်"

အဲဒီကားတွေကို ကေအိုင်အေ တပ်ရင်း ၁၄ က မီးရှို့ဖျက်ဆီးလိုက်တာလို့ သိရပါတယ်။

ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူတွေဟာ ရတနာအဓိပတိ၊ ယူနတီ၊ ရတနာစန်းရွှင် ခေါ် ကျောက်စိမ်း သစ်ရွက်၊ နေမင်းကမ္ဘာ၊ မြစ်ဆုံဧရာ စတဲ့ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေကဖြစ်ပြီး ပြန်လွတ်လာသူတွေကို ဖားကန့်ဒေသ ရှေ့တန်းတပ်မဋ္ဌာနချုပ် တပ်မ ၁၀၁ နဲ့ နယ်မြေခံရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။

ဒေသအတွင်း စပါးရိတ်သိမ်းချိန် အခုလိုကာလမှာ လယ်ယာတောတောင်တွေအနီး မိုင်းထောင်တာ၊ ဆက်ကြေးငွေကောက်ခံတာနဲ့ လူသစ်စုဆောင်းတာတွေကြောင့် ဒေသခံတောင်သူတွေဟာ ထိခိုက်ဒဏ်ရာ ရရှိမှုတွေနဲ့အတူ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့လည်း ဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။