စစ်ကြောင်းဝင်လာတာကြောင့် ခင်ဦးဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးရ

RFA Burmese
2024.01.03
စစ်ကြောင်းဝင်လာတာကြောင့် ခင်ဦးဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။
ကိုလူချော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို ဇန်နဝါရီ ၃ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်သား အင်အားတစ်ရာကျော်ပါစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံ နှစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်တိုင်းလေး၊ ကားဆိပ်၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ်၊ အင်းပတ်၊ ရွာသစ်ကုန်း စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲမှာပဲ လှည့်လည်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ နေရပ်ပြန်ဖို့ အခြေအနေစောင့်ကြည့်နေရတယ်လို့ အမည်မဖော်လိုတဲ့ အင်တိုင်းလေးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့က စစ်ကြောင်းက ဒီလိုပဲလှည့်ပြီး ထိုးနေကျဆိုတော့ ကိုယ့်ရွာနဲ့ ခပ်ဝေးဝေး ရောက်တော့မှ စိတ်ချလက်ချဖြစ်မှပဲ ပြန်ရတော့မယ်။ အခုတော့ တောင်ယာထဲ ခဏရှောင်နေရတာပါ။ ဒီစစ်ကြောင်းမှာ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတယ် လို့တော့ မကြားသေးပါဘူး"

အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း အင်တိုင်းလေးတောင်ရွာနဲ့ အင်တိုင်းလေးမြောက်ရွာကို ဝင်ရောက်ခဲ့ပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ထွက်ပြေးနေရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂.၆ သန်းကျော်လာပြီလို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။