ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာ အမည်စာရင်းတင်သွင်း


2018.09.26
khinmyokyi-622 လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာအတွက် အမည်စာရင်း တင်သွင်းခံရတဲ့ ဒေါ်ခင်မျိုးကြည် ကို တွေ့ရစဉ်
Photo: Daw Khin Myo Kyi - facebook

လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာအတွက် ပထမဆုံး အမျိုးသမီး တရားသူကြီးတစ်ဦးကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အဆိုပြုအမည်စာရင်း ရန်ကုန်တိုင်းလွှတ်တော်မှာ ဒီကနေ့ အမည်စာရင်း တင်သွင်းခဲ့ ပါတယ်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမည်တင်သွင်းတဲ့ ဒေါ်ခင်မျိုးကြည် ကို ကန့်ကွက်ချင်တယ်ဆိုရင် အထောက်အထား ပြည့်စုံစွာနဲ့ ကန့်ကွက်ရမှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

"ဒီဥပဒေချုပ်ရဲ့ ကိုယ်ရေးရာဇဝင် ကျနော်တို့ကို ပေးပို့ထားပြီးသားပေါ့နော်။ တကယ်လို့ ကန့်ကွက်လိုတယ် ဆိုလို့ရှိရင်လည်း ခိုင်မာတဲ့ သက်သေအထောက်အထားနဲ့ ကန့်ကွက်ဖို့တော့ လွှတ်တော် ဥက္ကဋ္ဌကြီးက လွှတ်တော် လုပ်ထုံးလုပ်နည်းအရ ပြောထားတာတော့ ရှိပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ကန့်ကွက်စရာ မရှိပါဘူး။ လူသိများခြင်း၊ မများခြင်းက အကြောင်း မဟုတ်ဘူးဗျ သိလား။ ရလဒ်ကောင်း ထွက်အောင် ဆောင်ရွက်နိုင်တဲ့ အပေါ်မှာပဲ မူတည်တယ်လေ။ ပေါက်နေတဲ့လူတစ် ယောက်တော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီဟာက အဓိကမကျဘူးဗျ။ အဓိကကျတာက ဥပဒေချုပ် ခန့်အပ်ပြီးပြီဆိုလို့ရှိရင် သူ့ရဲ့ ဆောင်ရွက်ချက်တွေက ရလဒ်ကောင်းထွက်တဲ့အပေါ်မှာ မူတည်သွားမှာပဲလေ"

အဂတိလိုက်စားကြောင်း စွပ်စွဲချက်နဲ့ ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး နေရာကို အမျိုးသမီး တရားသူကြီး ဒေါ်ခင်မျိုးကြည် ကို အဆိုပြုတင်ပြထားတာဖြစ်ပါတယ်။

ဒေါ်ခင်မျိုးကြည်ဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်ပြီး ကန့်ကွက်သူမရှိဘဲ တိုင်းလွှတ်တော်က အတည်ပြုပေးလိုက်မယ်ဆိုရင် သူမဟာ ပထမဆုံး အမျိုးသမီး တိုင်းတရားလွှတ်တော် ဥပဒေချုပ် ဖြစ်လာမှာဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် အောင်ရဲထွေး သတ်ခံရမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူးကို အဂတိ လိုက်စားမှု တိုက်ဖျတ်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က တာဝန်ကနေ ရပ်စဲလိုက်တာ ဖြစ်ပါတယ်။

တိုင်းဥပဒေချုပ်နေရာအတွက် တိုင်းဝန်ကြီးချုပ် တင်သွင်းတဲ့ ဒေါ်ခင်မျိုးကြည် နဲ့ ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က အခုလိုပြောပါတယ်။

"ဒီမိုကရေစီ အရေးမှာ ပါဝင်ခဲ့တဲ့ NLD ထဲမှာလည်း ရှိတာပဲ။ အဲလူတွေကို ကျနော်တို့က ရွေးမယ်ထင်တာ။ ကျနော်တို့လည်း မျှော်လင့်တယ် တိုင်းပြည်ကလည်း မျှော်လင့်တယ်။ ပြီးတော့ဝန်ထမ်းဟောင်းတွေပဲ ရွေးတော့ စစ်အစိုးရအောက်မှာဗျာ နှစ် ၃၀ အသားကျလာပြီးတော့ ကျိုးကျလာတဲ့သူတွေက ဘာအတွေးအခေါ်တွေ ကောင်းပြီးတော့ ရှိမှာလဲနော်။ တရားဥပဒေ စိုးမိုးရေး ဘာမှထက်ထက်မြက်မြက် လုပ်နိုင်မှာလည်း မဟုတ်ဘူး။ ဒီလိုပဲ ရုံးစာတွေပေါ်ပဲ ရုံးစာအဆင့်ပဲ ဆရာတပည့်တွေနဲ့ လာဘ်မစားတိုင်းကောင်းတာ မဟုတ်ဘူးလေ။ တွေးတာခေါ်တာ တရားဥပဒေစိုးမိုးရေးကိုလည်း အကူအညီရအုံးမှပေါ့။ ရဲကိုလည်း ထိန်းနိုင်အုံးမှ။ အဓိက ကတော့ စိတ်ထားစေတနာ ဒီမိုကရေစီ စိတ်ထားရှိတဲ့သူတွေ ရွေးစေချင်တာ။ တို့က အဲလိုလူမျိုးကို ရွေးစေ ချင်တာ။ ဘယ်လိုတွေဖြစ်နေမှန်းလည်း မသိတော့ပါဘူးဗျာ၊ ကျနော်ကတော့ ဒေါ်ခင်မျိုးကြည် ကို လုပ်တာ ပုဂ္ဂိုလ်ရေးအရတော့ မရှိပါဘူး။ နိုင်ငံရေးအရ မူဝါဒအရ လုံးဝမကြိုက်ဘူးဗျာ။ ဒီလိုမဖြစ်သင့်ဘူးလို့ ယူဆတယ်နော်"

ဒေါ်ခင်မျိုးကြည် ဟာ ဥပဒေဝန်ထမ်းအဖြစ် ၁၉၈၄ ခုနှစ်ကနေ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး မန္တလေး၊ မုံရွာ၊ နေပြည် တော်နဲ့ ကရင်ပြည်နယ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လကမှ အငြိမ်းစား ယူခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးကြည် ဟာ မန္တလေးတိုင်း ရှေ့နေချုပ်ရုံးခွဲ၊ နေပြည်တော် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စစ်ကိုင်းတိုင်း ရှေ့နေချုပ် ရုံးခွဲနဲ့ ကရင်ပြည်နယ် ဥပဒေရုံးတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။