ရန်ကုန်တိုင်း ဥပဒေချုပ်သစ် ကျမ်းသစ္စာ ကျိန်ဆို


2018.10.01
khinmyokyi-622 ရန်ကုန်တိုင်း ဒေသကြီးရဲ့ ပထမဆုံး အမျိုးသမီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည် ကို ၂၀၁၈၊ အောက်တိုဘာ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်း ဒေသကြီးရဲ့ ပထမဆုံး အမျိုးသမီး ဥပဒေချုပ် အဖြစ် ခန့်အပ်ခံရတဲ့ ဒေါ်ခင်မျိုးကြည်ဟာ ဒီကနေ့ တိုင်းဒေသကြီး လွှတ်တော်မှာ ဥပဒေချုပ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်မှာ အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပြီး ကန့်ကွက် သူမရှိတဲ့အတွက် ဒေါ်ခင်မျိုးကြည်ကို အတည်ပြု ခန့်အပ်လိုက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အခုလို ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။

"ကျွန်ုပ် ဒေါ်ခင်မျိုးကြည် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်"

အဂတိလိုက်စားမှုကြောင့် ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး နေရာ အတွက် အခုလို ခန့်အပ်ခဲ့တာဖြစ်ပြီး ကျမ်းကျိန်ဆိုအပြီးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမယ်လို့ ပြောခဲ့ပေမယ့် လွှတ်တော် ဝန်ထမ်းတွေက တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။

ဟာသသရုပ်ဆောင် အောင်ရဲထွေး သတ်ခံရမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က တာဝန်ကနေ ရပ်စဲခံရပြီး ဒီနေရာ လစ်လပ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်မျိုးကြည် ဟာ ဥပဒေဝန်ထမ်းအဖြစ် ၁၉၈၄ ခုနှစ်ကနေ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး မန္တလေး၊ မုံရွာ၊ နေပြည်တော်နဲ့ ကရင်ပြည်နယ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လကမှ အငြိမ်းစားယူခဲ့တာ ဖြစ်ပါ တယ်။

ဒေါ်ခင်မျိုးကြည် ဟာ မန္တလေးတိုင်း ရှေ့နေချုပ် ရုံးခွဲ၊ နေပြည်တော် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စစ်ကိုင်းတိုင်း ရှေ့နေချုပ် ရုံးခွဲနဲ့ ကရင်ပြည်နယ် ဥပဒေရုံးတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။