ဖမ်းဆီးထားတဲ့ ဥပဒေအရာရှိတွေကို အထူးခုံရုံးဖွဲ့စစ်ဆေးဖို့ ရှေ့နေတွေ လိုလား
2018.09.15

သရုပ်ဆောင် အောင်ရဲထွေး သတ်ဖြတ်ခံရမှုမှာ တရားခံအဖြစ် သံသယရှိလို့ ဖမ်းဆီးထားသူတွေကို လာဘ်ငွေယူ လွှတ်ပေးခဲ့မှုနဲ့ ပတ်သက်ပြီး အခုဖမ်းဆီးထားတဲ့ ရန်ကုန်တိုင်း ဥပေဒချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို ရန်ကုန် တိုင်းဒေသကြီး တရားလွတ်တော်မှာ ကြားနာစစ်ဆေးတဲ့အခါ ရန်ကုန်တိုင်း ဥပဒေရုံးက အရာရှိတွေက လိုက်ပါဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ အဲဒီ ရှေ့နေတွေအားလုံးဟာ ဦးဟန်ထူးရဲ့ လက်အောက်ခံ တပည့်တွေဖြစ်နေ တဲ့အတွက် အမှန်အကန် ဖော်ထုတ်မှာလားဆိုတာကို အများပြည်သူတွေက သံသယရှိနေကြကြောင်း သိရပါတယ်။
နာမည်ကျော် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးရောဘတ် စန်းအောင်ကတော့ အများပြည်သူ သံသယကင်းစင်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒီအမှုကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၂ အရ ပြင်ပက အတွေ့အကြုံရှိတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးဦးကို အထူးအစိုးရရှေ့နေအဖြစ် ခန့်အပ်တာဝန် ပေးသင့်ပါတယ်၊ ဥပဒေ ပုဒ်မ ၄၉၇ မှာလည်း အဲဒီအခွင့်အာဏာကို ပြဌာန်းထားပါတယ်၊ ဒါ့အပြင် သာမန်တရားရုံးအစား တရားသူကြီး ၃ ဦးပါဝင်တဲ့ အထူးတရားရုံးနဲ့ စစ်ဆေးသင့်တယ်လို့ RFA ကို မနေ့က ပြောကြားပါတယ်။ လက်ရှိ ရန်ကုန်တိုင်း တရားစီရင်ရေး စနစ်ကိုသိထားတဲ့ တခြားရှေ့နေအများအပြားကလည်း အလားတူ သဘောထားရှိကြတယ်လို့ သူက ပြောပါတယ်။
တိုင်း ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ ဖမ်းဆီးပြီး အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့နဲ့ အရေးယူထားပါတယ်။ ဒါဟာ အကျင့်ပျက်ခြစားမှုအတွက် ကမ္ဘာကျော်တဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းမှာ တာဝန်ရှိသူတွေကို အခုအချိန်ထိ အကြီးမားဆုံး အရေးယူဖမ်းဆီးမှုဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေး မြင်တွေ့လိုတဲ့ မြန်မာပြည်သူလူထုက အထူးဝမ်းသာ အားရဖြစ်နေကြပါတယ်။
အောင်ရဲထွေးဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က စားသောက်ဆိုင်တစ်ခုမှာ ၂ဝ၁၇ ဒီဇင်ဘာ ၃၁ ရက်နေ့ ညက လူတစ်စုရဲ့ ဝိုင်းဝန်းထိုးကြိတ်ကန်ကြောက်ခဲ့မှုကြောင့် ရရှိဒဏ်ရာတွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ဝ၁၈ ဇန်နဝါရီ ၂ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
သူ့ကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတဲ့ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင်(ခ) အောင်လေးနဲ့ ကျော်ဇောဟန်(ခ) ကျော်ဇော တို့ကို သုဝဏ္ဏရဲစခန်းက ဖမ်းဆီးပြီး လူသတ်မှုပုဒ်မ ၃ဝ၂ နဲ့ တရားစွဲခဲ့ပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်ခရိုင် တရားရုံးက အမှုကို ရုပ်သိမ်းခွင့်ပြုမိန့် ချမှတ်ခဲ့ပြီးနောက် သူတု့ိကို လွှတ်ပေးလိုက်ပါတယ်။
တရားခံအဖြစ် သံသယရှိတဲ့အတွက် ဖမ်းဆီးထားသူတွေကို အခုလို လွှတ်ပေးခဲ့မှုအတွက် ဖေ့စ်ဘွတ် လူမှုမီဒီယာတွေမှာ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပြီးနောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့က စစ်ဆေးမေမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဇူလိုင် ၃၁ ရက်နေ့မှာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌတို့ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ညွန်ကြားခဲ့ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အရာရှိ ဦးကျော်စိုးရဲ့ ပြောဆိုချက်အရ တိုင်း ဥပဒေချုပ် ဦးဟန်ထူးက ကျပ်ငွေ သိန်း ၁၅ဝ၊ တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ် သိန်း ၅ဝ၊ ရန်ကုန် အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ် သိန်း ၁၃ဝ၊ ဒုတိယ ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ် သိန်း ၃ဝ၊ ဒုတိယ ခရိုင် တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃ဝ နဲ့ ရဲအုပ် ချစ်ကိုကိုက ကျပ် သိန်း ၃ဝ ရယူခဲ့ကြတယ်လို့ ဆိုပါတယ်။
ကနဦး စစ်ဆေးချက်တွေအရ စုစုပေါင်းလာဘ်စားငွေက သိန်း ၇၂ဝ ဖြစ်ပြီး ဒုတိယ ခရိုင် တရားသူကြီး ဦးအောင်ကြည်က သိန်း ၃၃ဝ ယူခဲ့ပြီး ရာထူးအကြီးဆုံးဖြစ်တဲ့ တိုင်း ဥပဒေချုပ် ဦးဟန်ထူးက သိန်း ၁၅ဝ ပဲ ရယူခဲ့တယ်ဆိုတဲ့အချက်ကို တရားစီရင်ရေး အသိုင်းအဝန်းက သံသယရှိနေကြပါတယ်။
ရှေ့နေကြီး ဦးရောဘတ် စန်းအောင်ကတော့ ဒီအမှုကို အထူးခုံရုံးဖွဲ့ပြီး ၆ လအတွင်း ပြီးပြတ်အောင် မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် စစ်ဆေးသင့်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဦးဟန်ထူးအပါအဝင် လက်ရှိဖမ်းဆီးထားသူတွေရဲ့ ဝင်ငွေနဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတကာမှာ ကျင့်သုံးလေ့ရှိတဲ့ ထုံးစံတွေအတိုင်း စစ်ဆေးသိမ်းဆည်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။