ဦးအောင်ကြည်ရဲ့ ကြိုးပမ်းချက်ကို အစိုးရ ကျေးဇူးတင်
2020.12.02

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်သွားတဲ့ ဦးအောင်ကြည်ဟာ နိုင်ငံအတွက် အရေးကြီးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်သွားတာ ဖြစ်လို့ အစိုးရက ကျေးဇူးတင်ကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက နေပြည်တော်အခြေစိုက် သတင်းထောက်တွေကို ဒီနေ့ အွန်လိုင်းကတစ်ဆင့် ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြိုးပမ်းခဲ့တဲ့ ဦးအောင်ကြည် နုတ်ထွက်သွားပေမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အမျိုးသားအဆင့် မဟာဗျူဟာနဲ့ပတ်သက်ပြီး အခြေခံဆွေးနွေးရမယ့် မူကြမ်းကို ရေးသားပြုစုခဲ့ပြီးဖြစ်လို့ ကျန်ရှိတဲ့ လုပ်ငန်းကော်မတီတွေက ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် ကော်မရှင်လုပ်ငန်းတွေကို ထိခိုက်မှုမရှိဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒါ့အပြင် ဒီလိုအနေအထားတစ်ရပ် ရောက်လာအောင် ဆောင်ရွက်ခဲ့တဲ့အတွက် အစိုးရအနေနဲ့ ဦးအောင်ကြည်ကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုတယ်လို့ သူက ဆက်ပြောပါတယ်။
ဦးအောင်ကြည် နုတ်ထွက်တာဟာ ကာယကံရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒကြောင့်သာ ဖြစ်ကြောင်း၊ အစိုးရနဲ့ကော်မရှင် ဥက္ကဋ္ဌအကြား၊ အစိုးရနဲ့ ကော်မရှင်အကြား ဘာပြဿနာမှ မရှိသလို၊ တခြားသော နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေး ပြဿနာဘာမှ မရှိကြောင်း ရှင်းရှင်းလင်းလင်း ဖြေကြားလိုတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
လောကီကိစ္စတွေ အကုန်လုံးကို စွန့်လွှတ်ပြီး လောကုတ္တရာဘက် ဇောက်ချပြီး ပြင်းပြင်းထန်ထန်လုပ်ဖို့ ရည်ရွယ်ချက်ကို ကာယကံရှင်ကိုယ်တိုင် တင်ပြခဲ့ရာမှာ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံတို့ကလည်း သဘောတူလက်ခံပြီး နုတ်ထွက်ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။
ကော်မရှင်မှာ လေးနှစ်နီးပါး တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည်ကို နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတဦးဝင်းမြင့်က ဒီဇင်ဘာလ ၁ ရက် မနေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဦးအောင်ကြည်က တပ်မတော်ကနေ ဗိုလ်ချုပ်ရာထူးနဲ့ အငြိမ်းစားယူခဲ့ပြီးနောက် အလုပ်သမား၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး တာဝန်တွေ ယူခဲ့သူ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ် ၂၀၁၇ နိုဝင်ဘာမှာ စတင် တာဝန်ယူခဲ့တာပါ။
ကော်မရှင်ဥက္ကဌရဲ့ ရာထူးသက်တမ်းဟာ သမ္မတသက်တမ်းအတိုင်း ဖြစ်လို့ ကော်မရှင်ဥက္ကဋ္ဌ တာဝန်ပြီးဆုံးဖို့ လေးလနီးပါး ကျန်ပေမယ့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၂ အရ မိမိဆန္ဒအလျောက် နုတ်ထွက်ခြင်းဆိုတဲ့ အချက်နဲ့အညီ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ဦးအောင်ကြည် တာဝန်ယူတဲ့ ကာလအတွင်းမှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ဖြစ်စဉ်နဲ့ အစိုးရအရာရှိကြီးတွေရဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်အရေးယူခဲ့ပါတယ်။