ဦးဟန်ထူးနဲ့ တရားစွဲခံထားရသူတွေအမှု ကော်မရှင်က တင်သွင်းတဲ့ တိုင်ကြားချက် တရားရုံးလက်ခံ
2018.10.27

အဂတိလိုက်စားမှုဥပဒေနဲ့ အမှုရင်ဆိုင်နေရတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၆ ဦး တို့ရဲ့ အမှုနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တင်သွင်းတဲ့ လာဘ်စားမှုတိုင်ကြားချက်ကို သက်သေအဖြစ် တရားသူကြီးက လက်ခံလိုက်ပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့ မနေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ လေးကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ကော်မရှင်ဖက်က တင်သွင်းခဲ့တဲ့ တိုင်ကြားစာကို လက်ခံသင့် မသင့် နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်အပြီးမှာ တရားရုံးက သက်သေအဖြစ် လက်ခံလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
စွပ်စွဲခံထားရသူတွေကဖက်က ရှေ့နေတွေကတော့ အဲဒီတိုင်ကြားစာနဲ့ပတ်သက်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။
ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၆ ဦးတို့ဟာ ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ တရားခံလို့ ယူဆရသူတွေကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးပဒေတွေနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတာဖြစ်ပါတယ်။
မနေ့က ရုံးချိန်းမှာ တရားစွဲဆိုခံရသူတွေကို ရုံးထုတ်လာစဉ်မှာ ပုံမှန်အချုပ်ကားနဲ့ မဟုတ်ဘဲ Police စာတန်းပါ မှန်လုံ အဲကွန်းကားနဲ့ ခေါ်ဆောင်လာတာဖြစ်တဲ့အတွက် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။