ခင်ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦး သေဆုံး၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရ
2024.09.01

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မဒေါင်းလှရွာက ပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အရပ်သားလေးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။
မဒေါင်းလှရွာက ပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁ ရက် ဒီနေ့မှာတော့ ကန့်ကလူမြို့နယ်ကလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီအင်အား ၁၅၀ ခန့် အဲဒီစခန်းမှာ အင်အားထပ် ဖြည့်ထားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေချိန်အတွင်း မဒေါင်းလှရွာ အပါအဝင် အနီးတစ်၀ိုက်က ရွာပေါင်း ခုနစ်ရွာခန့်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့လို့ မဒေါင်းလှရွာက ဒေသခံ သုံးဦး၊ ဘအိုးရွာက ဒေသခံ တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် လူဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့ကဆိုရင် မနက်အစောကတည်းက ကျွန်တော်တို့ဘက်က အင်အား လေးရာလောက်နဲ့ ဝင်စီးကြတာပေါ့ဗျာ။ မနေ့က တစ်ရက်တည်းကို မဒေါင်းလှရွာရယ် ပတ်ဝန်းကျင်ရွာတွေကို ဂျက်ဖိုက်တာရော၊ Y-12 ရော ၃၁ ကြိမ်ပစ်တယ်။ ပေါင် ၂၅၀ ဗုန်းတွေချတယ်။ ရဲဘော်တွေကလည်း ခုနစ်ဆယ်ရာခိုင်နှုန်းလောက် နိုင်ပြီးမှ လေကြောင်းအန္တရာယ်ကြောင့်မို့ ပြန်ဆုတ်ခဲ့ရတယ်ဗျ။ တိုက်ပွဲစဖြစ်တဲ့ရက်ကနေတွက်ရင် လေကြောင်းကြောင့် ပြည်သူ လေးဦး သေတယ်။ ဆယ်ဦးကျော် ဒဏ်ရာရတယ်"
တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အသေးစိတ် မသိရသေးကြောင်း ပြောဆိုပါတယ်။
လက်ရှိမှာတော့ မဒေါင်းလှရွာနဲ့ အနီးဝန်းကျင်က မဒေါင်းကြီး၊ ဘအိုး၊ စည်ပုတ္တရာ၊ အင်ကြင်းပင်၊ မုံလှ စတဲ့ရွာတွေက ဒေသခံ သုံးထောင်ခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။