ခင်ဦးမှာ သုံးရက်အတွင်း နေအိမ် ၅၀၀ ကျော် မီးရှို့ခံရ

RFA Burmese
2023.02.16
ခင်ဦးမှာ သုံးရက်အတွင်း နေအိမ် ၅၀၀ ကျော် မီးရှို့ခံရ ခင်ဦးမြို့နယ်အတွင်းရှိ မီးရှို့ဖျက်ဆီးခံရသည့် လက်ပံလှရွာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ သုံးရက်အတွင်း ရွာခြောက်ရွာက နေအိမ် ၅၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စောကြီး၊ သနပ်စိန်၊ ကွန်းတိုင်း၊ မင်းကန်ကြီး၊ လက်ပံလှနဲ့ လောင်းရှည်ရွာတွေက နေအိမ်တွေ မီးရှို့ခံခဲ့ရတာပါ။

ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပဲ၊ နှမ်းတွေ သိုလှောင်တဲ့ တဲတိုက်ပါမကျန် ရည်ရွယ်ချက်ရှိရှိ မီးရှို့ခံရတာလို့ လက်ပံလှရွာက ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ရွာကို လေးကွက်ကျား ပုံစံရှို့သွားတာပေါ့။ ရာသီကလည်း ခြောက်သွေ့နေတာရယ် လောင်စရာ ရှိတဲ့အိမ်တွေအကုန် တိုင်တစ်လုံးတောင် မကျန်ခဲ့ဘူး။ အုတ်တိုက်တွေကြား ယမ်းတွေထည့်ပြီး ဖောက်ခွဲခဲ့တာထင်တယ်။ အကုန် ပြိုကုန်တာပဲ။ နွားတိုက်၊ ပဲနှမ်းလှောင်တဲ့ တဲတိုက်၊ အိမ်၊ ရှိသမျှအကုန် လောင်ကုန်တယ်"

ဖေဖော်ဝါရီလ ၁၅ ရက် မနေ့ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းဟာ ချောင်းဆုံရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့တယ်လို့ သူကဆိုပါတယ်။ ချောင်းဆုံရွာက မီးလောင်ဆုံးရှုံးတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၆၆ ရွာက အိမ်ခြေ ၄၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံပြည်သူ နှစ်သောင်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မီးလောက်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ သုသေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။