ခင်ဦးမှာ လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရပြီး ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.04.11
ခင်ဦးမှာ လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရပြီး ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ခင်ဦးမြို့နယ် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်က တွေ့ရစဉ်။
ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေဦးနဲ့ခင်ဦးဆက်သွယ်ထားတဲ့ မူးမြစ်ကူးတံတားကနေ ခင်ဦးဘက်အခြမ်းကို ဧပြီလ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား အင်အား ၆၀ ခန့်ပါ စစ်ကြောင်းထိုးလာတာကြောင့် ရွာပေါင်းခုနစ်ရွာက ဒေသခံသုံးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးသတင်းမှန်ပြန်ကြားရေး အဖွဲ့တာဝန်ခံကလည်း လက်ရှိ အင်းပါတ်၊ ချမ်းသာကုန်း၊ ရွာသစ်၊ ကုန်းသာ၊ မရမ်းအင်း၊ ညောင်ပင်ခြံနဲ့ ဆည်ကြီးရွာတွေက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတာလို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ အင်းပါတ်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးလေးလုံး ပစ်ခဲ့တာကြောင့် နေရပ် စွန့်ခွာထွက်ပြေးနေတဲ့ စစ်ဘေးဒုက္ခသည်လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

အင်းပါတ်ရွာနဲ့ နှစ်မိုင်နီးပါးဝေးတဲ့ ရေဦးမြို့တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက ၆၀ မမ လက်နက်ကြီးကျည်နှစ်လုံး၊ ၁၂၀ မမလက်နက်ကြီးကျည်နှစ်လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မောင်မင်းထက်ကျော်နဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ဘုတ်ဆုံတို့ သားအမိ၊ အသက် ၄၆ နှစ်အရွယ် ကိုဝင်းကြိုင်၊ အသက် ၃၅ နှစ်အရွယ် ကိုနိုင်ထွန်းတို့ ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“၆၀ မမလက်နက်ကြီးကျည် အင်းပါတ်ရွာအနီးက စာသင်ကျောင်းထဲကျလို့ သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ နောက်တစ်ခါ ၁၂၀ မမကျည်က အင်းပါတ်နဲ့ ကုန်းသာရွာကြားက ဇရပ်ပေါ်ကျလို့ ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ အဲဒီအထဲ အသက် ၄၆ နှစ်အရွယ် ကိုဝင်းကြိုင်ကတော့ ထိခိုက်ဒဏ်ရာရတာများတယ်”

အင်းပါတ်ရွာခံတွေဟာ ၂၀၂၂ ခုနှစ်၊ မေလက နေအိမ်တွေမီးရှို့ခံရပြီး မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ရွာမှာမနေကြတော့ဘဲ တောထဲနဲ့စာသင်ကျောင်းတွေ၊ ဇရပ်တွေမှာပဲ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေထွက်ပြေးနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကိုင်းတိုင်း စစ်ကောင်စီထံ RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ လုံခြုံရေးကိုအကြောင်းပြပြီး ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။