ခိုင်မျိုးထွန်းကို ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆု ချီးမြှင့်
2016.10.02

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အမေရိကန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတွေက ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆုကို စစ်တွေမြို့မှာ ဒီနေ့ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အစိုးရတပ်မတော်က ဒေသခံတွေကို ပေါ်တာဆွဲတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့တာတွေကို ဖော်ထုတ်ခဲ့တဲ့အတွက် ခိုင်မျိုးထွန်းကို ဆုချီးြမှင့်တာဖြစ်တယ်လို့ ဆုပေးပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးအောင်ကျော်ဝင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းက ကြေငြာချက်ထုတ်ပြန်တောင်း ဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ကြေငြာချက်ဟာ မြန်မာ့တပ်မတော်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတယ်ဆိုပြီး တပ်မတော်ဘက်က ခိုင်မျိုးထွန်းကို စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
ဒီနေ့ ဆုပေးအပ်ပွဲမှာ ရွှေစင် တစ်ကျပ်သား၊ အမေရိကန်ဒေါ်လာ နှစ်ထောင် နဲ့အတူ ရခိုင်အမျိုးသားစွမ်းဆောင် ရည်ဆုကို ခိုင်မျိုးထွန်းရဲ့ မိသားစုကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဆုပေးပွဲကို စစ်တွေမြို့ အာရီယန်ခန်းမမှာကျင်းပခဲ့တာဖြစ်ပြီး စစ်တွေမြို့အပါအဝင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော မြို့နယ်တွေက ဒေသခံ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။