ALP ပါတီ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့ တောင်းဆို
2016.08.27

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ လူအင်အား တစ်ထောင်ကျော်လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ခိုင်မျိုးထွန်းဟာ မတရားဖမ်းဆီးခံရတာဖြစ်တယ်လို့ ယုံကြည်တာကြောင့် အခုလို ဆန္ဒပြတောင်းဆိုတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ပုဏ္ဏားကျွန်းမြို့ခံ ကိုမျိုးဝင်း က ပြောပါတယ်။
"ရွာသားတွေကို ပေါ်တာဆွဲတာတွေ၊ အတင်းအဓမ္မ မောင်းထုတ်တာတွေ ရှိတယ်၊ ဒီလိုကြေညာချက်ထုတ် တာကို မမှန်ကန်ဘူးဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) နဲ့ ဖမ်းတာပေါ့နော်၊ ဒါကျွန်တော် တို့မှာ အချက်အလက်တွေရှိတယ်၊ ဒါကြောင့်မို့လို့ မတရားဖမ်းဆီးခံရတဲ့အတွက် ပြည်သူပြည်သားတွေ ဝိုင်းဝန်းပြီး ကျောင်းသားရယ်၊ ရဟန်းရယ်၊ တက်ကြွတဲ့ လူငယ်တွေပေါင်းပြီး ဆန္ဒပြထုတ်ဖော်တာပေါ့" လို့ ပြောတာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ခိုင်မျိုးထွန်းကို ပြန်လွှတ်ပေးဖို့အပြင် ခိုင်မျိုးထွန်းနဲ့ ALP က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ထောက် ခံကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က ပြည်သူတွေကို ပေါ်တာဆွဲတာတွေ၊ ကျေးရွာအတွင်းကနေ နှင်ထုတ် တာတွေလုပ်နေကြောင်း ALP ပါတီက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာကြောင့် ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ခိုင်မျိုးထွန်းကို ဖမ်းဆီးအရေးယူ ထားတာဟာ ALP ပါတီကို အရေးယူတာမဟုတ်ကြောင်းနဲ့ ခိုင်မျိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက်ကြောင့်သာ အရေးယူတာဖြစ်ကြောင်း မနေ့က စစ်တွေမြို့မှာ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။