ထွက်ပြေးလာတဲ့ AA စစ်သားနှစ်ဦး အပါအဝင်သုံးဦးကို AA က အင်အားသုံးပစ်ခတ်ဖမ်းဆီး
2023.04.24
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ လက်နက်နဲ့ထွက်ပြေးနေတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALP) တပ်ဖွဲ့ဝင်တစ်ဦးကို ဧပြီလ ၂၄ ရက်နေ့ ဒီနေ့မနက်ပိုင်းမှ AA တပ်ဖွဲ့ဝင်တစ်ရာကျော်က ပစ်ခတ်ဖမ်းဆီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရသေ့တောင်မြို့ ဆေးရုံဝန်ထမ်းအိမ်ရာမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့သုံးယောက်က ဆေးရုံးဝန်ထမ်းအိမ်ရာမှာ ပုန်းနေတာ။ မနေ့ညကတည်းက AA တပ်သားတစ်ရာကျော်က ဝိုင်းထားတယ်။ သူတို့မိသားစုတွေနဲ့ ဆွေးနွေးတယ်ကြား တယ်။ အဲဒီမှာ ဆွေးနွေးလို့မရတော့ မနက် ၅ နာရီ လောက်မှာ ပစ်ခတ်ကြတာပေါ့။ RPG နှစ်ချက်ပစ်တယ်။ လက်နက်ငယ်တွေကတော့ အများကြီးပစ်သံကြားတယ်။ ပြီးမှာ ဟိုသုံးယောက်မှာ ကျည်ကုန်သွားတာထင်တယ်။ ဝင်ပြီးတော့ ဖမ်းသွားတာ”
ပစ်ခတ်မှုဟာ အချိန်သုံးနာရီခန့် ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုပြီးတဲ့နောက်မှာမှ စစ်ကောင်စီ တပ်သားတွေ မြို့ထဲကို ဝင်လာပြီး အနီးအနားက ဒေသခံတွေကို စစ်ဆေးမေးမြန်းခဲ့ တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ALP တပ်ဖွဲ့ဝင်ဟာ AA ထံမှာ အကျဉ်းချခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့သင်္ကြန်ကာလကမှ ပြန်လည်လွတ်မြောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
AA တပ်ဖွဲ့ဝင်နှစ်ဦးဘာကြောင့် ထွက်ပြေးလဲဆိုတာကိုတော့ တိတိကျကျမသိရဘူးလို့ လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ညနေပိုင်းအထိ အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။