စစ်တွေမှာ ALP ပါတီဝင် သုံးဦး ပစ်သတ်ခံရ

RFA Burmese
2023.07.01
စစ်တွေမှာ  ALP ပါတီဝင် သုံးဦး ပစ်သတ်ခံရ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ် စစ်တွေမြို့က စစ်တွေတက္ကသိုလ်အနီးမှာ ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီဝင်တွေ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး သုံးဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်ကြုံတွေ့ခဲ့သူ မြို့ခံတစ်ဦးက စစ်တွေတက္ကသိုလ်အနီး သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူသေဆုံးတာတွေရှိတယ်လို့ RFA ကိုပြောပါတယ်။

"ပစ္စတိုတစ်လက်နဲ့ ပစ်နေတာမြင်တယ်၊ ကြောက်တော့ထွက်ပြေးကြတယ်၊ ပြေးနေတုန်းမှာလည်း သေနတ်ထပ်ပစ်သံကြားရတယ် ပြီးမှပြန်ကြည့်တော့ စစ်ကားတွေရောက်နေကြပြီ စစ်ဆေးနေကြပြီ၊ သိပ်မကြာခင် သူများတွေမေးကြည့်တော့ သုံးယောက်သေသွားတယ်၊ သုံးယောက်ဒဏ်ရာရတယ်"

ဒေသအခြေစိုက်မီဒီယာတွေမှာတော့ သေဆုံးသူတွေဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ခိုင်နီအောင်၊ တပ်ရင်းမှူးအဆင့်ရှိသူ ခိုင်ကျော်မင်းနဲ့ ယာဥ်မောင်း ခိုင်ကျော်နိုင်တို့ သေဆုံးခဲ့ပြီး တခြား သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။

ရခိုင်နိုင်ငံရေးသမားဦးဖေသန်းကတော့ ALP ပါတီကလူတွေ ပစ်သတ်ခံရတယ်လို့ အွန်လိုင်း သတင်းစာမျက်နှာတချို့မှာ ရေးနေတဲ့အခြေအနေသာ သူ သိထားပြီး၊ အသေးစိတ်ကို မသိဘူးလို့ ပြောပါတယ်။

ဒီသတင်းကို အတည်ပြုနိုင်ဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို RFA က ဖုန်းခေါ်ဆိုရာမှာတော့ အလုပ်မအားသေးကြောင်းနဲ့ ဒီကိစ္စကိုမသိသေးကြောင်း၊ နောက်မှ ဖြေကြားလို့ရမှာဖြစ်ကြောင်း သူ့ရဲ့ကိုယ်ရေးအရာရှိက ပြောပါတယ်။

စစ်တွေမြို့ မင်းဂံရပ်ကွက်မှာရှိတဲ့ ဒေါ်စောမြရာဇာလင်းနေအိမ်ကနေ ကားနဲ့ထွက်လာပြီး စစ်တွေတက္ကသိုလ်ရှေ့အရောက်မှာ အမည်မသိသေနတ်သမား သုံးဦးက ပစ်ခတ်ခဲ့တာလို့လည်း သတင်းမီဒီယာတချို့မှာ ဖော်ပြကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ဘာကြောင့်ပစ်ခတ်တာလဲဆိုတာကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်တွေမြို့မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီးချုပ်နဲ့ အရာရှိ နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။