လွတ်လပ်ရေးနေ့အခမ်းအနားတက်တဲ့ ALP စစ်ဦးစီးချုပ်နဲ့ အရာရှိနှစ်ဦး အသတ်ခံရ

RFA Burmese
2023.01.04
လွတ်လပ်ရေးနေ့အခမ်းအနားတက်တဲ့ ALP စစ်ဦးစီးချုပ်နဲ့ အရာရှိနှစ်ဦး အသတ်ခံရ ရခိုင်ပြည်နယ် စစ်တွေမြို့အား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇန်နဝါရီလ ၄ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီးချုပ်နဲ့ အရာရှိနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက RFA ကို ပြောပါတယ်။

ALP ရဲ့ စစ်ဦးစီးချုပ် ခိုင်စောမြ၊ တပ်ရင်းမှူး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ ခိုင်သူရိန်တို့ဟာ လွတ်လပ်ရေးနေ့ အခမ်းအနားကနေ ကားနဲ့အပြန် စက်ရုံစုရပ်ကွက် ဆီတန်းလမ်းမပေါ်မှာ သတ်ဖြတ်ခံလိုက်ရတာပါ။

ALP တပ်ဖွဲ့ဝင်တွေဟာ အခုလို အမြဲတမ်း လုပ်ကြံခံရ၊ ဖမ်းဆီးခံနေရတာလို့ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

“စစ်ဦးချုပ်ရယ် တပ်ရင်းမှူးနဲ့ ကားမောင်းပါသွားတဲ့ ဗိုလ်ကြီးအဆင့် သုံးယောက်လုံး သေသွားတယ်။ ဘယ်လိုလာပစ်သွားတယ်၊ ဘာကြောင့်လာပစ်သွားတယ်ဆိုတာကို မသိရဘူး။ အခုလို ကျမတို့ ရဲဘော်တွေကို လုပ်ကြံမှု၊ ဖမ်းဆီးမှုတွေက အမြဲတမ်း လိုလိုဖြစ်နေတာ။ လုပ်ကြံတဲ့သူက လုပ်ကြံသွားပြီ ခံရတဲ့သူက ခံရပြီးပြီ ထပ်ပြီးတော့ လည်း ပြောစရာအကြောင်း မရှိတော့ဘူး။ ဘယ်သူတွေ လုပ်ကြံတာလဲဆိုတာ ပြည်သူတွေကပဲ သိပါမယ်”

သူတို့ကို ဘယ်သူက သတ်ဖြတ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ရုပ်အလောင်းတွေကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပါတယ်။

“သုံးယောက်လုံး သေနတ်ဒဏ်ရာနဲ့ သေနေတာတွေ့ခဲ့တယ်။ ကားပေါ်မှာပဲ ပွဲချင်းပြီး သေနေကြတာ။ သူတို့က ALP တပ်ဖွဲ့ဝင်တွေ။ သေနတ်ဒဏ်ရာတွေ အများကြီးပဲ။ အသက်သုံးဆယ် ဝန်းကျင်ရှိတယ်။ လွတ်လပ်ရေးနေ့ အခမ်းအနားက ပြန်လာတာလို့ သိရတယ်။ ဘယ်သူတွေ ပစ်သွားလဲဆိုတာကိုတော့ မသိရသေးပါဘူး”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ALP တပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကို စစ်ဆေးခဲ့သလို စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။