ခိုင်မျိုးထွန်းကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မြောက်ဦးဒေသခံ ၁ဝဝဝ ခန့် ဆန္ဒပြတောင်းဆို


2016.08.21
free-alp-leader-protest-620.jpg ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့ သြဂုတ်လ ၂၁ ရက်နေ့က မြောက်ဦးမြို့မှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Shwe Lar/ facebook

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မြောက်ဦးမြို့မှာ ဒီနေ့ ဒေသခံ တစ်ထောင်ခန့်က ဆန္ဒပြတောင်းဆိုကြပါတယ်။

ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းဟာ အမှန်တရားကိုဖော်ထုတ်ခဲ့သူဖြစ်တာကြောင့် ပြန်လွှတ်ပေး ဖို့ တောင်းဆိုတာဖြစ် တယ်လို့ ဆန္ဒပြပွဲဦးဆောင်ရာမှာ ပါဝင်တဲ့ ဦးဇင်း ဦးဓမ္မပီယ က မိန့်ပါတယ်။

"ဦးဇင်းတို့မှာ အမှန်တရားဘက်ကရပ်တည်ထားတဲ့ ခိုင်မျိုးထွန်းပေါ့နော်၊ အဲ့ဒီ ခိုင်မျိုးထွန်းကိုလည်း လွတ်စေချင် တယ်၊ အဲ့ဒီရည်ရွယ်ချက်ကြောင့် အခုလို ဆန္ဒထုတ်ဖော်ပွဲလုပ်ရတာပါ"

ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က ပြည်သူတွေ ကို ပေါ်တာဆွဲတာတွေ၊ ကျေးရွာအတွင်းကနေ နှင်ထုတ်တာတွေ လုပ်နေကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့တာကြောင့် ALP ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ ဖမ်းဆီးတရားစွဲဆို ခံထားရတာဖြစ်ပါတယ်။

အစိုးရတပ်မတော်ဘက်က အခုလိုဖမ်းဆီးတရားစွဲဆိုလိုက်တာဟာ အပြစ်ကိုဖုံးဖိလိုတဲ့ အတွက်ကြောင့်ဖြစ်ပြီး အမှန်တကယ်မြေပြင်အနေအထားမှာလည်း ALP ရဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်း ပြည်သူတွေကို ပေါ်တာဆွဲ တာတွေ၊ ကျေးရွာအတွင်းကနေ နှင်ထုတ်တာတွေ စတဲ့ဖြစ်ရပ်တွေ အမှန်တကယ်ရှိနေ တယ်လို့ ဆန္ဒပြသူတွေ ကပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ခိုင်မျိုးထွန်းကို အမြန်ဆုံးလွှတ်ပေးဖို့၊ ခိုင်မျိုးထွန်းနဲ့ ALP က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ကို ထောက်ခံကြောင်း စတဲ့အချက်တွေကို ကြွေးကြော်ပြီး မြို့ကိုလှည့်ပတ် ဆန္ဒပြကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။