ALP က ခိုင်မျိုးထွန်း လွတ်မြောက်
2018.02.22

မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ပြန်ကြားရေး ဒုတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်းဟာ ပြစ်ဒဏ်ရက်စေ့တဲ့အတွက် ဒီနေ့ မနက်က ပြန်လည်လွတ်မြောက် လာပါတယ်။
ရခိုင်ပြည်နယ် သယံဇာတအရေး လှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွတ်မြောက်လာတဲ့ ဗိုလ်မှူး ခိုင်မျိုးထွန်း က ပြောပါတယ်။
"ကျနော်က NCA မှာ လယ်ယာမြေနဲ့ သယံဇာတ အထူးကိုယ်စားလှယ်ပေါ့နော်၊ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကွန်ရက်မှာ ကျနော်က ပြောရေးဆိုခွင့်ရှိသူပေါ့၊ ဒါတွေကို ကျနော်ဆက်လုပ်မှာပါ"
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တွေဘက်မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မြန်မာ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေတယ်ဆိုပြီး ALP က ကြေငြာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။
ဒီကြေငြာချက်ကြောင့် ALP ရဲ့ ပြန်ကြားရေး ဒုတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်းကို စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်က ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(ခ)(ဂ) တွေနဲ့ တရားစွဲဆိုပြီး စစ်တွေမြို့နယ် တရားရုံးက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ထောင်ဒဏ် တစ်နှစ်ခွဲကျခံဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အမှုစစ်ဆေးနေစဉ် ချုပ်ရက်တွေကို တရားရုံးက ထုတ်နှုတ်ခံစားခွင့်ပြုခဲ့တာကြောင့် သူ့အနေနဲ့ ပြစ်ဒဏ်ချမှတ်ခံရ အပြီး အချိန် ၄ လကျော်အကြာမှာ ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။